ရွှေဘို၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့ရှောင်လမ်းမှာ စစ်ကော်မရှင်လက်အောက်ခံ ရဲအဖွဲ့ တိုက်ခိုက်ခံရလို့ အရာရှိ ၃ ဦးသေတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မနက် ၁၀ နာရီခန့်မှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ထွန်းထွန်းလင်းပါ ၃ ဦးဟာ ကား ၁ စီးနဲ့သွားချိန် တိုက်ခိုက်ခံရတာလို့ဆိုပါတယ်။
“သူတို့က မြို့ရှောင်လမ်းမှာ စပါးကား၊ နွားကားတွေကို ဆက်ကြေးကောက်ဖို့ သွားတာလို့တော့ သိရတယ်။ သူတို့သွားတာကို မြေသယ်ယာဥ်ကားနဲ့လိုက်လာပြီး ပစ်သွားတာလို့တော့ သိရတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရလို့ ဒုရဲမှူး ထွန်းထွန်းလင်း အပါအဝင် ဒုရဲမှူး ၂ ဦး၊ ရဲအုပ် ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးကာပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်နဲ့ရဲအဖွဲ့တွေက အလောင်းတွေကိုသယ်သွားပြီး သေဆုံးသူ ၃ ဦးရဲ့အလောင်းတွေကိုတော့ ဇန်နဝါရီ ၁၁ ရက်မနက် ၉ နာရီက ရွှေဘိုမြို့ပြင်ရှိ လေးထပ်ကြီးသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပစ်ခတ်မှုပြုလုပ်သွားတဲ့ ရွှေဘိုအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတခုဆီ မြေလတ်အသံကဆက်သွယ်မေးမြန်းခဲ့ရာ ပစ်ခတ်တာမှန်ကန်ပြီး လက်နက်အချို့လည်းသိမ်းဆည်းရမိခဲ့တယ်လို့ အတည်ပြုပါတယ်။
မေ ၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်နဲ့ ပန်းရံကျေးရွာသွားလမ်းပေါ်မှာ ဒုရဲအုပ်အပါအဝင် ၂ ဦးပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း