တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ကုန်တင်ကား ချောက်ထဲကျလို့ ယာဉ်မောင်းသေဆုံး

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နဲ့ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်အစပ် ကျေးမင်းရွာအနီး တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ကုန်တင်ကားချောက်ထဲကျလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနေ့ညနေ ၃ နာရီကျော်မှာ တောင်ငူဘက်ကနေ လိပ်သိုဘက်ကို ဆီပေပါတွေတင်ဆောင်မောင်းနှင်လာတဲ့ ၆ ဘီးကုန်တင်ယာဉ်ဟာ ကျေးမင်းကျေးရွာနဲ့ ငှက်ပျောတောကျေးရွာအကြား ကုန်းအတက်မှာ ချောက်ထဲကို ထိုးကျခဲ့တာလို့ ဆိုပါတယ်။

“ဘရိတ်ပေါက်တာလို့တော့ သိရတယ်။ ကားက ချောက်ထဲကျသွားတာ။ ချောက်က အနက်ကြီးပဲ ပေ ၁၅၀ လောက်ရှိမယ်။ ကားတောင်ပျပျပဲ မြင်ရတယ်။ ဒရိုင်ဘာက သေသွားတယ်။ စပယ်ယာကလည်း ပက်လက်ကြီး။”လို့ ကူညီကယ်ဆယ်ပေးခဲ့သူဒေသခံတဦးက ပြောပါတယ်။

ယာဉ်တိမ်းမှောက်တာကြောင့် တောင်ငူမြို့ခံတွေဖြစ်တဲ့ အသက် ၄၀ နှစ်ခန့်ရှိ ယာဥ်မောင်း ကိုသူရထွန်း နေရာမှာသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုနိုင်ဝေထွန်းမှာ ဒဏ်ရာပြင်းထန်ရရှိသွားပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာဟာ မြေသားတောင်တက်လမ်းဖြစ်သလို လမ်းကျဉ်းအကွေ့ အကောက်များတဲ့နေရာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။