ညောင်ဦး၊ ဇန်နဝါရီ ၈၊ ၂၀၂၆ ။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး နှစ်ဖက်သေဆုံးမှုတွေရှိသလို ပြည်သူနေအိမ် ၇၀ ခန့် မီးရှို့ခံရတယ်လို့ BlackEagle PDF (Bagan) က ဇန်နဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃ ရက်မနက်ပိုင်းက ညောင်ဦးကနေစစ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို လက်ဝဲကျေးရွာနဲ့မကျည်းတန်းကျေးရွာကြားအရောက် နေ့လယ် ၂ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” မိနစ် ၂၀ လောက်ကြာလိုက်တယ်။ ကျနော်တို့ ကျည်အင်အားမလောက်လို့ ပြန်ဆုတ်လာရတယ်။ အဲ့ဒီနေ့မှာ ထိခိုက်မှုက ခုထိအတည်ပြုနိုင်တာက ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်။”လို့ BlackEagle PDF(Bagan)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇီးသီးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ အီနာဂါဗုံးသီး ၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆန် ၁၈ တောင့်၊ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းက ကန်ကြီးကုန်းကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ပြီး အဲ့ဒီကတဆင့် ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ ဇီးစမြင်ကျေးရွာကို ထပ်မံဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၅ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ဇီးစမြင်ရွာကနေဆက်ထိုးလာတဲ့ အဲ့ဒီစစ်ကြောင်းနဲ့ ကျောက်ပြင်ကန်ရွာအနီး တိုက်ပွဲထပ်ဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ Black Eagle PDF(Bagan) က အသက် ၂၄ နှစ်အရွယ် တပ်ဖွဲ့ဝင် OK တိုက်ပွဲကျဆုံးခဲ့တယ်လို့ သိရပါတယ်။

” ရဲဘော်က ကင်းသွားချိန် စစ်ကြောင်းနဲ့တည့်တိုးပြီး ကျသွားတာ။ အဲနေ့က ဖြစ်တာတော့ခဏပဲ။ ရဲဘော်အလောင်းကတော့ အဲနေ့ကပဲ ပြန်ကောက်လာပြီး နာရေးလုပ်လိုက်တယ်။” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ယင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ စကာကျေးရွာ၊ ဇန်နဝါရီ ၆ ရက်မှာ မီးလောင်ဖျားကျေးရွာတွေကို ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးရာတလျှောက်ကျေးရွာနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် မီးလောင်ဖျား၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ စကာ၊ ကြအိုကျွန်းရွာတွေက ပြည်သူ ၅,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အဲ့ဒီရွာတွေရဲ့နေအိမ် ၇၀ ကျော်မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်နဲ့ ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်ဖွဲ့က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၅ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်ရှိ စစ်ကော်မရှင်တ ပ်ရွှေညောင်ပင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အပြင် အဲ့ဒီဂိတ်ကို စစ်ကူလာတဲ့ စစ်ကြောင်းတွေကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
” ၂ ဦးကို အရှင်ဖမ်းဆီးရတယ်။ ဖမ်းဆီးရမိတဲ့ ၂ ဦးကိုတော့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားပါတယ်” လို့ Myingyan Black Tiger-MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။

အလားတူ ဇန်နဝါရီ ၆ ရက် ည ၈ နာရီလောက်မှာ ပိုက်တဲကုန်းကျေးရွာ အနီးကင်းပတ်လာတဲ့ အင်အား ၁၀ ဦးကျော် စစ်ကော်မရှင်တပ်ဖွဲ့တွေကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
” ကျနော်တို့ ကျားမဲတွေ ထိပ်တိုက်တွေ့တာ၊ တွေ့တဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တယ်၊ သူတို့ဘက်က ၃ ဦးသေတယ်၊ ၁ ဦးကတော့ သပြေကုန်းရွာနားမှာ သွားသေနေတယ်၊ ၁ ဦးကတော့ အလောင်းကော လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ရလိုက်တယ်။” လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနက် ၁ လက်၊ အီနာဂါဗုံးသီး ၃ လုံး၊ ကျည်ဘောက် ၄ ခု၊ ကျည်တချို့နဲ့ ဖုန်း ၂ လုံး သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ အညာသားပြောက်ကျားတပ်၊ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLKတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။