စစ်ကိုင်းနဲ့မကွေးမှာ ဘုန်းကြီးကျောင်း၊ စစ်ရှောင်တဲနဲ့ နေအိမ်တွေ ဗုံးကြဲခံရလို့ အရပ်သား ၅ ဦးသေဆုံး

0 13
0 13

မြေလတ်အသံ၊ ဇန်နဝါရီ ၈၊၂၀၂၆။

စစ်ကိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၃ ခုမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ဘေးရှောင်ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၇ ရက် ယမန်နေ့ နေ့လယ် ၂ နာရီကျော်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်း ရွာဆိုးရွာနဲ့ မြို့လှရွာအကြားရှိ စစ်ဘေးရှောင်တွေနေထိုင်ရာ တဲဆောင်တွေကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ဗုံးကြဲတာက စစ်ရှောင်တွေရဲ့တဲတိုက်တွေကို တည့်တည့်ကျတာပါ။ သေဆုံးသူက ၄ ယောက်လို့ အတည်ပြုပါတယ်။ ဖိုက်တာနဲ့ ၂ကြိမ်တောင် ကြဲသွားတာ။ ဘာတိုက်ပွဲမှကို မရှိတာဗျ။ တဲက အလုံး ၁၀ လောက် မီးလောင်ကျွမ်းသွားတယ်”လို့ ရွှေဘိုဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် စစ်ရှောင်တဲတိုက်တွေမှာနေထိုင်နေတဲ့ စဉ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်တွေကနေ စစ်ရှောင်လာရောက်သူ အသက် ၃၀ ဝန်းကျင် အမျိုးသမီး၂ ဦးနဲ့ အသက် ၄၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြက်မောက်ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေ​ယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်မပြည်သေးတဲ့ အမျိုးသမီး ၁ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၆ ရက် ည ၉ နာရီကျော်မှာ ကြက်မောက်ကျေးရွာကို တိုက်လေယာဥ်နဲ့ ဗုံး ၁ လုံးကြဲချခဲ့တာဖြစ်ပြီး ကျေးရွာတွင်း နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲကာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးခဲ့တာလို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။

အလားတူ ဇန်နဝါရီ ၇ ရက်ညနေ ၆ နာရီကျော်မှာ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံး၂ လုံးကြဲချခဲ့လို့ သံဃာ ၂ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါဒေသခံတဦးထံက သိရပါတယ်။

“(မြင်းဇာရွာ) ဗုံးကြဲတာက ရွာထဲတော့ အခုက ပထမဦးဆုံးအကြိမ်ပါ။ ရွာနားတွေတော့ အရင်နှစ်တွေက ၁ ကြိမ် ရှိခဲ့ဖူးပါတယ်။ တော်လှန်ရေးအင်အားစုတွေ ခိုလှုံနိုင်တယ်လို့ ယူဆပုံရတယ်။ တကယ်က အဲ့ရွာမှာ မနေဘူး။ မရှိဘူး။ ဒဏ်ရာရတဲ့ ဘုန်းကြီး ၁ ပါးနဲ့ ကိုရင် ၁ ပါးတော့ မစိုးရိမ်ရ” လို့ ဂန့်ဂေါဒေသခံအမျိုး သားတဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်တချို့၊ မီးစက်ရုံ၊ ရေအိုးစင်တို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။