ပဲခူးနောက်ခြမ်းမှာ ပျူစောထီးစခန်းတွေ တပြိုင်နက်တိုက်ခံရပြီး ဇီးကုန်းကပျူစခန်းကို သိမ်းနိုင်ခဲ့

0 13
0 13

■ ခဲယမ်းမလောက်လို့ နတ်တလင်းပျူစခန်းကို လက်လွှတ်ခဲ့ရ

ကျော်ကြီးအောင်စိုး

ဇီးကုန်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆ ။

ပဲခူးတိုင်းအနောက််ခြမ်း၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်လက်အောက် ပျူစောထီးစခန်းတွေကို တိုက်ခိုက်ခံရပြီး စခန်း ၁ ခုကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအင်အား ၃၀ ခန့်ရှိတဲ့ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ရွာရှိ ပျူစောထီးစခန်းကို ဇန်နဝါရီ ၇ ရက် ယမန်နေ့ မနက် ၅ နာရီခန့်မှာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

” စခန်းက ရွာထိပ်မှာရှိတယ်။ အချို့က ရွာထဲနေအိမ်မှာနေတာရှိတယ်။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က ၁ နာရီလောက် တောင့်ခံပြီးပစ်သေးတယ်။ ပြီးမှ ဒဏ်ရာရသူတွေခေါ်ပြီး ဆုတ်သွားတာ” လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ အမှတ် ၁ တပ်ခွဲမှူး ကရင်လေးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေဆုတ်ခွာသွားတာကြောင့် ကျေးရွာစခန်းတွင်းဝင်ရောက်ကာ နယ်မြေရှင်းလင်းရာမှာ သေဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်း ၄ လောင်း တွေ့ရှိရပြီး ပျူစောထီးစခန်းတဲတွေကို မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

မီးကောက်ပင်ကျေးရွာစခန်းက စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ကျေးရွာနဲ့မီတာ ၁၀၀ ကျော်အကွာရှိ ဘော်ဘင်ရွာပျုစောထီးစခန်းကို ဆုတ်ခွာသွားပြီးနောက် ဘော်ဘင်ရွာရှိ စစ်ကော်မရှင်နဲ့ပျူစောထီးအင်အား ၃၀ ကျော်နဲ့ပူးပေါင်းကာ စစ်ကြောင်းပြန်ထိုးလာလို့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၁ YOMA( GBK)၊ တပ်ခွဲ ၅၊ သာယာဝတီခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁၊ BTZM(GBK)၊ သာယာဝတီခရိုင်ပကဖ၊ ဇီးကုန်းပကဖ၊ သာယာဝတီခရိုင်ဒရုန်းတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာပါ။

အလားတူ ယမန်နေ့ မနက် ၄ နာရီကျော်မှာပဲ နတ်တလင်းမြို့နယ်၊ ပျဥ်ပုံရွာပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခဲယမ်းလုံလောက်မှုမရှိတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်ရှိတဲ့ ပျဉ်ပုံကျေးရွာအထိုင်စခန်းကို တိုက်ခိုက်မှုမှာ ၄ နာရီကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

” (ပျဉ်ပုံရွာ) စခန်းကို မသိမ်းခဲ့ရဘူး။ ပြန်ဆုတ်လာခဲ့ရတယ်။ တိုက်ပွဲက မနက် ၄ နာရီကစတာ မနက် ၈ နာရီလောက်အထိကြာခဲ့တယ်။ စကစဖက်က လေယာဥ်ပစ်ကူက တောက်လျှောက်ပေးတာ။ ရဲဘော်တွေမှာလည်း ခဲယမ်းမလောက်တော့ ဆုတ်လာရတာ။”လို့ ​နတ်တလင်းဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်ချိန်ကြာမြင့်လာတဲ့အလျောက် တပ်ဖွဲ့ဝင်တွေ့ရဲ့ ခဲယမ်းအင်အားနည်းပါးလာတာကြောင့် စခန်းကို သိမ်းပိုက်နိုင်တဲ့အထိ ဆက်လက်မတိုက်ခိုက်နိုင်ခဲ့တာလို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က အသက် ၂၀ ကျော်ရှိ PDF တပ်ဖွဲ့ဝင် ၁ ဦး စစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးဗုံးစထိမှန် သေဆုံးခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၈ ရက်ဒီကနေ့ နေ့လယ်ပိုင်းမှာ မြေမြုပ်သင်္ဂြိုဟ်သွားမယ်လို့ သူက ဆိုပါတယ်။

ပျဉ်ပုံကျေးရွာစခန်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နတ်တလင်းမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေက အင်အား ၁၀၀ ကျော်နဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။