ပခုက္ကူမှာ အုပ်ချုပ်ရေးမှူးဖွင့်လှစ်ထားတဲ့ငွေကောက်တဲ့ဂိတ် ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံး

0 4
0 4

မကွေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်ချမ်းသာ(ကွက်သစ်)ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖွင့်လှစ်ထားတဲ့ လမ်းသွားလမ်းလာတွေကိုငွေတောင်းခံတဲ့ဂိတ် တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမှတ် ၃ ရပ်ကွက်နဲ့ မီးသွေးကန်ကျေးရွာသွားလမ်းဘေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဖက်တီး ဦးဆောင်ဖွင့်ထားတဲ့ အဆိုပါဂိတ်ကို ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီခန့်မှာ လက်နက်ကိုင်လူတစုက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

” ရေဘေးရပ်ကွက်သစ်က အဲဒီကဥက္ကဌက အဲ့နားလေးကအိမ်မှာ ပိုက်ဆံတောင်းတဲ့ဂိတ်ဖွင့်ထားတာကို လာပစ်တာ။ ပစ်တာကို ဥက္ကဌသားလေးက သေသွားတာ။ ကျန်တဲ့အကြီးတွေ ထမင်းစားပြန်တဲ့အချိန် အဲ့ကလေးကဂိတ်ကိုလာစောင့်ပြီးတော့ စစ်ဆေးပိုက်ဆံတောင်းချိန်မှာ လာထုလို့သေတာ။”လို့ ဖြစ်စဉ်ကိုသိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း အဆိုပါဂိတ်မှာရှိနေတဲ့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သား အသက် ၁၄ နှစ်အရွယ် ဖိုးခွား နေရာမှာသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဂိတ်ဟာ အမှတ် ၃ ရပ်ကွက်ဘက်ကနေတဆင့် ပခုက္ကူမြို့ပေါ်ကိုဝင်ရောက်လာတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးငွေတောင်းနေတဲ့နေရာဖြစ်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အခင်းဖြစ်ပွားချိန် ပိုက်ဆံကောက်ခံတဲ့ဂိတ်နေရာနဲ့ ပေ ၁၅၀ ခန့်အကွာမှာ ရှင်ပြုအလှူတခုအတွက် ချက်ပြုတ်ရေးလုပ်နေတဲ့ နေရာရှိနေပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့နဲ့ ဒေသခံအချို့လည်း အဆိုပါနေရာမှာရှိနေကြတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ ဖိုးခွားရဲ့အလောင်းကို အုပ်ချုပ်ရေးမှူးမိသားစုက နေအိမ်ကိုပြန်သယ်သွားပြီးနောက် အဲဒီကမှတဆင့် ပခုက္ကူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေဘက်က တစုံတရာသတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ အလှူပြုလုပ်နေတဲ့နေအိမ်ကို PDF အဖွဲ့ဝင်တွေကလာရောက်ပစ်ခတ်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။