စစ်ကော်မရှင်ကိုတိုက်ခိုက်ရင်း ယင်းမာပင်တိုက်နယ် ၂ ပကဖ ၃ ဦး ကျဆုံး

0 14
0 14

ယင်းမာပင်၊ ဇန်နဝါရီ ၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်စောက်ရပ်ကွက်မှာ စစ်ကော်မရှင်ပတ်ကင်းကားနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ယင်းမာပင်မြို့နယ် တိုက်နယ် ၂၊ Black Eagle LPDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁ ရက်မနက် ၈ နာရီခန့်မှာ ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပကဖ ရဲ့စစ်ရေးအတွက် လက်နက်ခဲယမ်းတွေစုဆောင်းသယ်ယူဖို့ မုံရွာမြို့နယ်၊ ညောင်ပင်စောက်ရပ်ကွက်၊ မင်းကျောင်းဘုန်းကြီးကျောင်းအနီးရှိနေစဥ် စစ်ကော်မရှင်ပတ်ကင်းကားနဲ့ထိတွေ့မှုဖြစ်ပြီး ကျဆုံးခဲ့ရတာလို့ Black Eagle LPDF တပ်ဖွဲ့တာဝန်ခံဆီကက သိရပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင် ၃ ဦးဟာ Black Eagle LPDF တပ်ဖွဲ့ဝင် ဒီပ၊ မောင်ဂျိတ်နဲ့ ဂန့်ဂေါတို့ဖြစ်ပြီး တူမီးတိုက်ပွဲတွေစတင်ချိန်ကတည်းက တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တာကြောင့် ခုလိုကျဆုံးတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ခံ ဗိုလ်နတ်ကျော်က မြေလတ်အသံကို ပြောပါတယ်။

“ယင်းမာပင်မြို့နယ် တိုက်နယ် ၂ အတွက်ရော Black Eagle LPDF အတွက်ပါ တန်ဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးကြီးမားတယ်။ တူမီးကာလကန ဒီအချိန်အထိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲနယ်၊ ဘုတလင် တိုက်ပွဲတိုင်းမှာ ပါပါတယ်။” လို့ တပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။

ဈာပနကိုတော့ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖရဲ့ သက်ဆိုင်ရာသုဿာန်တခုမှာ ဇန်နဝါရီ ၃ ရက်က ကျင်းပခဲ့ပြီး အမိန့်ပြန်တမ်းဖတ်တာ၊ ကျန်ရစ်သူတပ်ဖွဲ့ဝင်တွေက အလေးပြုတာနဲ့ ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့မိဘတွေကို တပ်ဖွဲ့ဝင်တွေက ရှိခိုးကန်တော့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။