စစ်တပ်က စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၅ ထောင်နီးပါး တိမ်းရှောင်နေရ၊ စားသောက်ရေး အခက်တွေ့နေ

0 1
0 1

စစ်ကိုင်း၊ မေ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မြောက်ဘက်ခြမ်းကို ဒီကနေ့မေလ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်သားအင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းဝင်လာတာကြောင့် မုံတိုင်ပင်၊ တပ်သစ်၊ ရွာဗုကြီး၊ ဇီးကန်၊ ပန်းကုံး စတဲ့ကျေးရွာတွေက ဒေသခံ ၅ ထောင်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရကာ လက်ရှိမှာ စာသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ရေဦးမြို့နယ် – စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

“စစ်သားတွေက ရေဦးမြောက်ဘက် ချောင်းဦးနဲ့စခန်းသာရွာမှာ ညအိပ် စခန်းချတယ်။ အဲ့နားက ရွာသားတွေလည်း ရှောင်ပြေးနေရတယ်။ စစ်ရှောင်တာ ၅၀၀၀ လောက်ရှိမယ်။ ထမင်းထုပ်တွေ တနိုင်လာပေးတာတော့ ရှိပါတယ်။ စားစရာလည်းမသယ်နိုင်တော့ စစ်ရှောင်ပြည်သူတွေ စားစရာမရှိဖြစ်နေတယ်”လို့ ပြောပါတယ်။

ဒီနေ့နေ့လယ် ၁ နာရီခွဲလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အောင်သာရွာ(ပျူရွာ)မှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဆက်ပြောပါတယ်။

မေလ ၂၅ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်ကြောင်းဝင်လာတာကြောင့် ရေဦးနယ်ထဲက ဗိုလ်ရုံ၊ အုန်းနှဲပေါင်း၊ ဖိန်းကား၊ ချောင်းဦး၊ စခန်းသာ၊ ကံပေါက်၊ ဆပ်သေ၊ အင်တော ကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

အဲ့ဒီနေ့ (မေ ၂၅)မှာတင် စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာတဲ့အတွက် ဖိန်းကားရွာကိုဝင်ရောက်ကာ ရွာထဲပိတ်မိနေတဲ့အသက် ၈၀ ကျော် အဘွားအိုတဦးကို ပစ်သတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။