စစ်ကောင်စီတပ်က နေအိမ် ၇ လုံးနဲ့အတူ အသက် ၈၀ အဘွားကိုပါ မီးရှို့သတ်သွား

0 1
0 1

စစ်ကိုင်း၊ မေ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂၅ ရက်မနေ့ကမနက် ၆ နာရီမှာ ဝင်ရောက်ပြီး လူနေအိမ် ၇ လုံးနဲ့အတူ အသက် ၈၀ အရွယ်အဘွားကိုပါ မီးရှို့သတ်သွားတယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

မီးရှို့အသတ်ခံရတဲ့အဘွားဟာ ဒေါ်သောင်းကြည်ဖြစ်ပြီး အသက် ၈၀ အရွယ်ဖြစ်ကာ စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲဝင်လာချိန် နေအိမ်ထဲမှာ တဦးတည်းပိတ်မိကျန်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“စကစတွေက ရွာကအိမ်တွေကိုမီးရှို့တယ်။ ပြီးတော့ အိမ်ထဲမှာပိတ်မိနေတဲ့ အဘွားကိုသတ်ပြီးတော့ အိမ်မီးလောင်နေတဲ့အထဲ ထည့်သွားတာ။ အလောင်းကို အစအနပျောက်အောင်လုပ်တဲ့ သဘောပေါ့။ အဘွားရဲ့မီးရှို့ခံအလောင်းကို မနေ့က ရွာသားတွေ ရွာထဲခဏဝင်ကြည့်တဲ့အခါမှာ တွေ့ခဲ့တာ။ အိမ် ၇ လုံးပြာကျသွားတယ်”လို့ သူက ဆက်ပြောပါတယ်။

ရေဦးမြို့ပေါ်ကနေ အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦး-တန့်ဆည် ကားလမ်းမဘေးက အိမ်ခြေ ၂၀၀ ကျော် ရှိ ဖိန်းကားကျေးရွာထဲကို ဝင်လာချိန် မြို့နယ်( ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ဒါ့အပြင် ဖိန်းကားကျေးရွာကိုမီးရှို့သွားတဲ့ စစ်ကြောင်းဟာ မေလ ၂၃ ရက်မှာ ကံပေါက်ကျေးရွာအနီး မိုင်း ၂ ကြိမ်ဆွဲခံရပြီး အထိနာသွားတာကြောင့် ရေဦးမြို့ကိုဝင်ပြီး အင်အားပြန်ဖြည့်ကာ တကျော့ပြန်စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

အခုစစ်ကြောင်းဟာ ရေဦးမြို့ပေါ်မှာ အထိုင်ချနေထိုင်တဲ့ တပ်မ(၁၁)က တပ်သားတွေဖြစ်ပြီး၊ သူတို့(စကစ)ဟာ မေလ ၄ ရက်မှာလည်း ချမ်းသာကျေးရွာရဲ့စာသင်ကျောင်းကို မီးရှို့တဲ့စစ်ကြောင်းဖြစ်သလို ရွှေဘိုမြို့၊ ခင်ဦးမြို့၊ ဒီပဲယင်းမြို့နယ်တွေကို တလှည့်ကျစီ လှည့်ပတ် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းတခုလည်း ဖြစ်ပါတယ်။

တည်းဖြတ် – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။