အောင်လံ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဆပ်ဆူဝကျေးရွာမှာ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက်မနေ့ကည ၉ နာရီဝန်းကျင်မှာ ကပစ ၁၅ နဲ့ ညောင်ကိုင်းလမ်းဆုံရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တို့ကနေ လက်နက်ကြီးတွေပစ်ခတ်ချိန်မှာ ဆပ်ဆူဝရွာကနေအိမ် ၁ လုံးပေါ်ကျရောက်ပြီး မိသားစုလိုက်သေဆုံးခဲ့တာပါ။
“ဒီမှာက ရွာထဲကိုပစ်တာ ပထမဆုံးအရင်တုန်းကလည်း ပစ်နေတာပဲ ရွာပြင်တွေပဲပစ်တာ ၁ လုံးက တည့်တည့်ကျတော့ ကြေမွသွားတာ။ ဘေးအိမ် ၂ လုံးလောက်အစမှန်တယ်။ အများစုကရွာပြင်တွေ ကျတာ” လို့ ဆိုပါတယ်။
ဗုံးစထိမှန်လို့ ၁ အိမ်တည်းနေ အသက် ၆၀ အရွယ်အမျိုးသား ၁ ဦး၊ အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးနဲ့ ကလေး ၂ ဦးတို့သေဆုံးခဲ့တာပါ။
တဆက်တည်းမှာပဲ စစ်ကော်မရှင်တပ်က လက်နက်ကြီး ၂၀ နီးပါးကိုပစ်ခတ်ခဲ့ရာ လှံတင်ရွာ၊ ပျဥ်ပုံရွာ၊ အင်ကြီးရွာအပြင်တွေကိုလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ဆပ်ဆူဝရွာရှိ စစ်တပ်ဂိတ်စခန်းကို ဒေသတွင်းတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ခုလိုလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ပြီး စစ်ကြောင်းဝင်လာတာဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
“၂၈ ရက်နေ့က ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ဆပ်ဆူဝနားမှာ ကာကင်းလိုချထားတာ အဲ့မှာ လက်နက်ကြီးနဲ့ ၄ ချက်အပစ်ခံရတာ ထိခိုက်မှုတော့မရှိဘူး။”လို့ အထက်ပါဒေသခံက ပြောပါတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဒီဇင်ဘာ ၃၀ ရက်ထိ စစ်ကော်မရှင်နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ဒေသခံစုစုပေါင်း ၇,၆၄၀ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
စာတည်း – လင်း