စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် က လူစည်ကားရာနေရာတွေမှာ လုံခြုံရေးပတ်ကင်းကားတွေစစ်ဆေးတာတွေနဲ့ အန္တရာယ်ရှိတယ်ဆိုတာသိပေမယ့် ပြောက်ကျားသပိတ်နဲ့ ဆန္ဒပြခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။
မေလ ၂၅ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်လောက်မှာ လူ ၃ ဦးနဲ့ သပိတ်ပြုလုပ်ခဲ့ကြတာပါ။



“သပိတ်ဆိုတာ နွေဦးတော်လှန်ရေးရဲ့ထောက်တိုင်တွေထဲမှာ ပါဝင်သလို လူထုကိုယ်စား ကျမတို့လူငယ်တွေက အာဏာရှင်ကိုအလိုမရှိကြောင်း နိုင်ငံတကာကိုပြချင်လို့ပါ။ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရှိနေတာကို မြို့ပေါ်မှာ အပြုံးမပျက်သွားလာစားသောက်နေကြတဲ့သူတွေရှိနေလို့ မီးမောင်းထိုးပြရတာဖြစ်တယ်”လို့ သပိတ်ဦးဆောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။



“ကျေးလက်မှာပေးဆပ်၊ မြို့ပြမှာအပြုံးမပျက်၊ လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ ဖက်ဆစ်စနစ် သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်” စာသားပါ ဘန်နာတွေကို ကိုင်ဆောင်ကာ မုံရွာမြို့ပေါ်ရှိ ကျောက္ကာလမ်း၊ နာရီစင်နဲ့ ကန်သာယာ စတဲ့နေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း