ရွှေဘိုနယ်က မီးဘေးသင့် ကျောင်းသား/သူတွေကို S&C က ဆိုလာမီး လှူဒါန်း

0 2
0 2

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီကမီးရိူ့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတရွာကကျောင်းသားတွေကို မေလ ၂၃ ရက် နေ့လယ်က ဆိုလာလျှပ်စစ်မီးလှူဒါန်းခဲ့တယ်လို့ S&C မီးဘေး၊ စစ်ဘေးနဲ့ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

S&C က ကိုယ်တိုင်ပြုလုပ်ထားတဲ့ ၂၀ ဝပ်ရှိတဲ့ Solar power station အစုံ ၂၀ ကို ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးလောက်ကို မဲဖောက်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

“လျှပ်စစ်မီးမရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေစေဖို့ အားလုံးကိုလှူချင်ပေမယ့် ကျောင်းသားဦးရေနဲ့မမျှလို့ ဆိုလာကို မဲဖောက်ပေးခဲ့တာဖြစ်တယ်။ အလင်းအားကောင်းတဲ့ LED ၅ ဝပ် မီးလုံး ၃ လုံး အသုံးပြုနိုင်ပြီး ဖုန်းအားသွင်းနိုင်ပါတယ်” လို့ S&C တာဝန်ခံကိုစိုးမိုးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၂၀ ရက်ကလည်း စစ်ရှောင်ကာလ တနှစ်ခွဲခန့်ရှိတဲ့မိသားစုနဲ့ မိုခါမုန်တိုင်းဒဏ်သင့်အိမ်ထောင်စု ၁၂ စုကို ဝပ် ၂၀ Solar power station ၁၂ စုံကိုလှူဒါန်းခဲ့သလို နေရပ်စွန့်ခွာစစ်ဘေးရှောင်တွေ နာမကျန်းဖြစ်နေတဲ့အိမ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အိမ်တွေကိုလည်း ဆက်လက်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကိုယ်တိုင်တပ်ဆင်တာကြောင့် ဘက်ထရီအားပြည့်လျှင် အလိုလျောက်ဖြတ်တောက်ပေးတဲ့စနစ်ပါဝင်ပြီး ၂၀ ဝပ် Solar power station တစုံလျှင် ကျပ် ၁ သိန်း ၁ သောင်းသာ ကုန်ကျကာ ပြင်ပမှာဝယ်ယူပါက ကျပ် ၁ သိန်း ၈ သောင်းလောက်ပေါက်ဈေး ရှိတယ်လို့ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ Page မက်ဆင်ဂျာကတဆင့် ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

S&C အဖွဲ့ဟာ ယနေ့အချိန်ထိ ၂၀ ဝပ် solar power station ၃၂ လုံးအထိ တပ်ဆင်လှူဒါန်းပေးနိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။

သူတို့အဖွဲ့ဟာ ဒေသတွင်းက လိုအပ်ချက်တွေကို လိုက်လံကူညီပေးနေတာလည်းရှိပြီး ပြီးခဲ့တဲ့မေလ ၂၂ ရက်ကလည်း ပဇီကြီးရွာက စစ်ဘေးသင့်ပြည်သူ ၅၀၀ ဦးကျော်ကို ဆန်အိတ် ၅၀ လှူဒါန်းခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။