ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူထဲက ၂ ဦးသေဆုံး

0 2
0 2

ပဲခူး၊ မေ ၂၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေချိန်အတွင်းမှာ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ ကျုံပါကျေးရွာက ကိုအောင်မြင့်သိန်း ၃၀ နှစ်နဲ့ ဦးမြသိန်း ၆၀ နှစ်တို့ ဖြစ်တယ်လို့ ဝေါ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ဦးမြသိန်းက ဖမ်းဆီးခံချိန်ကတည်းက သေနတ်ထိထားတာ။ ဆေးကုသခွင့်မရဘဲ ဆုံးသွားတယ်လို့ သိရပါတယ်။ ကိုအောင်မြင့်သိန်းကျတော့ ဖမ်းဆီးခံရချိန်မှာ အိမ်မိုးနေတာ။ စကစ တပ်သားတွေကိုတွေ့တော့ လန့်ပြီး အမိုးပေါ်ကနေ ခုန်ချလိုက်တာ။ မထနိုင်ချိန် စကစ က ဖမ်းသွားတာ”လို့ ပြောပါတယ်။

သူတို့ ၂ ဦးစလုံးဟာ ကျုံပါကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ဧပြီလ ၂၉ ရက် တနေ့တည်းမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဦးမြသိန်းကတော့ သေနတ်ဒဏ်ရာနဲ့ဖမ်းဆီးခံရပြီး ၅ ရက်လောက်အကြာမှာ သေဆုံးသွားပြီး မိသားစုဘက်က အလောင်းပြန်မရဘူးလို့ သိရပါတယ်။

ကိုအောင်မြင့်သိန်းကတော့ စစ်ကောင်စီတပ်သားတွေရဲ့နှိပ်စက်မှုကြောင့် လက်နဲ့ခြေထောက်တွေမှာ ကျိုးကြေပြီး၊ မျက်နှာနဲ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့တာပါ။ အလောင်းကိုတော့ မေလ ၂၂ ရက်မှာ ပဲခူးဆေးရုံမှာပဲ မိသားစုကကြည့်ခွင့်ရခဲ့ပြီး ပြန်မရဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ၂၀ ဦးကျော်ကတော့ ပြန်လွတ်လာခဲ့ပြီး ကျန်သူအများစုမှာ ဒီကနေ့အချိန်ထိ ပြန်မလွတ်သေးဘဲ စစ်ကြောရေးမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ဘောနပ်ကြီးအခြေစိုက် အမှတ် ၃၄၀ အမြောက်တပ်ရင်းရှိ စစ်ကြောရေးနေရာနဲ့ ဝေါမြို့မရဲစခန်းတွေမှာ ချုပ်ထားပြီး စစ်ဆေးနေတာလို့ သိရပါတယ်။

ဧပြီလ ၂၇ ရက် ည ၇ နာရီလောက်က ညောင်ခါးရှည်ရဲစခန်းကို ဝေါ ပကဖ၊ တပ်ရင်း (၃၇၀၁) ပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ရာမှာ ရဲ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့ပြီးနောက် ဧပြီလ ၂၈ ရက်ကစလို့ ကျုံပါ၊ ညောင်ခါးရှည်၊ ကဒွတ်၊ ဖိုးစပါယ် စတဲ့ကျေးရွာက ဒေသခံတွေကို စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။