ချောင်းဦးမှာ အမျိုးသား ၄ ဦး ဖမ်းဆီးအသတ်ခံရ

0 2
0 2

စစ်ကိုင်း၊ မေ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား ၄ ဦး မေလ ၂၂ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ CHU PDF မှတာဝန်ရှိသူတဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ မေလ ၂၁ ရက်က မန္တလေး၊ စစ်ကိုင်းဘက်ကနေ မုံရွာမြို့ဘက်ကို ကားစီးပြီးလာချိန် နတ်ရေကန်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး PDF နဲ့ ပက်သက်ဆက်နွယ်တယ်ဆိုကာ သတ်လိုက်တာလို့ CHU PDF မှ ရဲဘော်တဦးက ပြောပါတယ်။

“အဲဒီလေးယောက်က ဟိုက်ဂျက်ကားတစီးနဲ့ မုံရွာကိုလာကြတာ။ အဲဒီမှာ ဂိတ်အဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ပြီးမှ နတ်ရေကန်ဂိတ်မှာ အဖမ်းခံရတာ။ စကစတွေက သူတို့ဖုန်းကနေ ထောက်ပို့ဆိုတဲ့ အချက်အလက်ကို ရသွားတာလို့ထင်တယ်။ လက်နက်တွေ၊ ကျည်ဆံတွေ သယ်လာတာမဟုတ်ဘူး။ သူတို့မှာ သေနတ်တွေလည်း မပါဘူးလို့သိရတယ်” လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့ ၄ ဦးကို ဖမ်းဆီးတဲ့နေ့ကတည်းက စစ်ကောင်စီတပ်တွေက နှိပ်စက်မေးမြန်းနေတာဖြစ်ပြီး မေလ ၂၂ ရက်မှ သတ်ပစ်လိုက်ကြတာလို့လည်း ဆိုပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၂၀ နှစ်နဲ့အထက် အမျိုးသားတွေဖြစ်နိုင်တယ်လို့ ယူဆရပြီး၊ PDF တွေနဲ့ ဆက်နွယ်မှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“သူတို့ မိမိချင်း လမ်းပေါ်မှာပစ်တာမဟုတ်ဘူး။ အရပ်သားလည်းဖြစ်နိုင်တယ်။ ဒါကတော့ လုံးဝအတည်မပြုဘူး။ ထောက်ပို့ဆိုတာကတော့ သူတို့ (စကစ)ပြောတဲ့စကားပဲရှိတာလေ။ ဒီ Body ၄ ခုကတော့ ဘယ်မြိုနယ်ကလဲဆိုတာ အတည်ပြုလို့မရသေးဘူး။ ကျနော်တို့ ချောင်းဦးမြို့နယ်ကတော့ ပျောက်ဆုံးပြည်သူ မရှိသေးဘူး” လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာတော့ မေလ ၂၂ ရက်မှာ နတ်ရေကန်ကျေးရွာအနီး နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေချိန် လက်လုပ်မိုင်းထောင်နေတဲ့ PDF ၄ ဦးကို တွေ့ရှိခဲ့တာကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၄ ဦးစလုံးသေဆုံးပြီး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၅ လုံး၊ ၉ မမ ကျည် ၁၃ တောင့် ၊ ၁၂ ဗို့ ဘတ္ထရီအိုး ၂ လုံး၊ ကီးပတ်ဖုန်း ၂ လုံး၊ ဆားကစ်ပြား ၂ ခုနဲ့ ဝါယာကြိုး ၂ ခွေ တို့ကို သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။