အင်အားရာကျော်ပါစစ်ကြောင်းက ရွာ ၆ ရွာကို တပြိုင်တည်းတပ်ဖြန့်မီးရှို့နေ

0 18
0 18

ယင်းမာပင်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကော်မရှင်စစ်ကြောင်းက ဒီကနေ့ နေ့လယ် ၃ နာရီခန့်ကစလို့ မီးဝင်ရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ်က ကျောက်မှော်၊ နှောပင်၊ ကျောက်ကုန်း၊ ကြက်လျှာ၊ အင်းပတ်၊ ကျွန်းပေါ်ရွာတွေကို စစ်ကြောင်း ၅ ခုခွဲပြီး စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့နေတာလို့ ဆိုပါတယ်။

“နှောပင်ကနေ စရှို့တာ၊ ဒီနေ့နေ့လယ်ပိုင်းက၊ အခုတော့ ကျောက်ကုန်း၊ ကြက်လျှာ၊ အင်းပတ်၊ ကျွန်းပေါ်၊ ကျောက်မှော်တို့ရော ဆက်ရှို့နေတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

အင်အား ၂၀၀ ပါ အဆိုပါစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး လက်ရှိအချိန်အထိ မီးရှို့ခံရတဲ့ရွာတွေထဲ ကနေ ပြန်မထွက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ရှောင်တိမ်းနေရတဲ့ပြည်သူ သောင်းဂဏန်းရှိနိုင်တယ်၊ ရှောင်ရတဲ့ရွာ ၁၀ ရွာကျော်တယ်၊ စုန်းချောင်း၊ ပန်းတိမ်ပြင်၊ ကျောက်မှော်၊ နဘူးတော၊ နှောပင်၊ အင်းပတ်၊ ကျွန်းပေါ်၊ ကျောက်ကုန်း အဲဒီရွာတွေ ရှောင်နေကြရတာ၊ စစ်ကြောင်းက မနေ့က ရွှေတောင်ဦး အကျိုးအကန်းကုန်းကနေ အင်အား ၂၀၀ လောက်နဲ့ ခြေလျင်ထိုးလာတာ။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရွာတွေကို မီးရှို့နေတဲ့စစ်ကြောင်းဟာ မီးမရှို့မီမှာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြည်သူပိုင် နေအိမ်တွေကနေ ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ ဒေသခံတွေကအတည်ပြုပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ကျောက်မှော်၊ အင်းပတ်၊ ကျောက်ကုန်း၊ ကြက်လျှာ၊ နှောပင်၊ ပန်းတိမ်ပြင်၊ နဘူးတော၊ စုန်းချောင်း၊ ကျွန်းပေါ် စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။