မိုးကုတ်မြို့ထဲက စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာ ဗုံးကြဲခံရ

0 18
0 18

မိုးကုတ်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ညောင်သုံးပင် ဘုန်းကြီးကျောင်းကို တော်လှန်ရေး‌‌တပ်တွေကဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်‌ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

မိုးကုတ်မြို့၊ ဂေါက်ကွင်းအနီးက ညောင်သုံးပင်ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီ လောက်မှာဒရုန်းနဲ့ Drop ဗုံး ၃ လုံးနဲ့ ကြဲချခဲ့တာလို့ စစ်ရေးသတင်းအရင်းမြစ် တွေဆီက သိရပါတယ်။

မြို့တွင်းရှိနေတဲ့ပြည်သူတဦးကတော့ “ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်တယ်။ ဆက်တိုက်ပဲ။ ဂေါက်ကွင်းဘေးလို့ပဲသိရတယ်။ အထိအခိုက်မသိရဘူး”လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်က မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဗျူဟာကုန်း၊ ညောင်သုံးပင်ဘုန်းကြီး ကျောင်း၊ ဆေးရုံကြီး၊ ပညာရေးမှူးရုံး၊ (အထက‌-၁) အောင်နန်း၊ ပန်းမထိပ်ဂိတ်၊ ပိန်းပြစ် ၅ မိုင်ဂိတ်၊ ဆတ်အင်းပြန့် စတဲ့နေရာတချို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်တွေတပ်စွဲချိန်ကစလို့ ညောင်သုံးပင်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေ နေထိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိမိုးကုတ်မှာ မြေပြင်တိုက်ပွဲတွေငြိမ်သက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေချဲ့ကာ ရှေ့တိုးနေတာတွေရှိနေပြီး စစ်ကော်မရှင်ဘက်ကလည်း တင့်ကား ၂ စီးနဲ့ ဟောင်ဝစ်ဇာတွေ မြို့ထဲပို့ဆောင်ထားတယ်လို့ မြို့တွင်းမှာ ရှိနေတဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။

အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။

သတင်း – မြတ်

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။