ရွှေဘိုမှာ ခရီးသည်တင်ကားတွေပိတ်မိနေချိန် စစ်တပ်က ဗုံးကြဲလို့ ခရီးသွားသံဃာ ၁ ပါးအပါ ၄ ဦးသေဆုံး

0 28
0 28

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ခရီးသည်တင်ကားတွေပိတ်မိနေတဲ့နေရာတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်မှာ ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်းနဲ့ မအူကျေးရွာအနီး ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ၇ ကြိမ် တိုက်ခိုက်ခဲ့သလို စက်တပ်လေထီး ( Gyrocopter ) ၃ စီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ခင်ဦး-ကန့်ဘလူအစပ်က **ဂိတ် ( ဇီးကုန်းမြို့အဝင်စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်) က ပိတ်ထားတော့ ဒီဘက်ကအဖွဲ့တွေက ကားတွေဖြည်းဖြည်းချင်း မြို့နယ်အလိုက် ကွင်းလမ်းက လွှတ်ပေးနေတာပါ။ အဲ့နေရာမှာ ခရီးသွားကားတန်းပိတ်မိနေတဲ့နေရာ ပစ်သွားတာပါ။ ထိခိုက်က ရွာသစ်ကုန်းအနီးက ဟာတွေဗျ “ လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၄ ဦးမှာ ရွာသစ်ကုန်းရွာအနီး ပိတ်မိနေတဲ့ခရီးသည်တင်ယာဥ်တွေထဲက ဘုန်းကြီးကား( RLG နံပါတ်)ပေါ်မှ သံဃာ ၁ ပါးနဲ့ အမျိုးသား ၃ ဦးဖြစ်ပြီး နောက်ထပ်အမျိုးသား၊ အမျိုးသမီး ၄ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကား ၃ စီးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ ရွှေဘိုနဲ့အနီးတဝိုက်ကဒေသခံတွေမဟုတ်ဘဲ ခရီးသွားတွေဖြစ်ကြတာကြောင့် သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

မအူကျေးရွာဇရပ်အနီး ဗုံးကြဲတိုက်ခိုက်မှုမှာ ခရီးသည်ကား ၈ စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် ကနဦး အခြေအနေတွေအရ လူထိခိုက်မှုအသေးစိတ်အချက်အလက်တွေ မသိရှိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့ နယ်အရှေ့ခြမ်းရှိ သစ်ချိုပင်ကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ၇ နှစ်ကလေး ၁ ဦးနဲ့ လင်မယား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။