နတ်တလင်း၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် တရွာလုံးနီးပါး ပျက်စီးကာ ဒေသခံ ၁ ဦးလည်းသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကတည်းက နတ်တလင်းမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ပွဲပြင်းထန်နေခဲ့တယ်လို့ ဆိုပါတယ်။
“ပေါက်တုန်း၊ ငုတ်တိုဘက်ကနေ လက်နက်ကြီးအထိုင်ချပြီး အနီးအနားရွာများကို ၁၂၀ (မမ)နဲ့ အချက်ပေါင်း ၂၀ ကျော်ပစ်တယ်။ မနက် ၇ နာရီမှာတော့ ပါရာမော်တာ ၃ စီးတက်လာပြီး ဒမငယ်ရွာကို ၈ လုံးကြဲချတယ်။ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀၊ ၂ လုံးချပြီး ပွိုင့်ဖိုက်နဲ့လည်းပစ်တယ်။ ညနေ ၅ နာရီလောက်မှာ စက်တပ်လေထီး ၃ စီးနဲ့ ၈ လုံးထပ်ကြဲတယ်။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာနဲ့မီးရှို့တာကြောင့် အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ဒမငယ်ကျေးရွာက အိမ်ခြေအားလုံးနီးပါးပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ဒမငယ်ရွာနဲ့အတူ ရှားစေးဖိုးကျေးရွာကိုလည်း စက်တပ်လေထီးနဲ့ဗုံး ၂ လုံးကြဲခံရပြီး ကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲလို့ စျေးဆိုင် ၁ ဆိုင်ပျက်စီးကာ မညိုကြီးဆိုသူ LGBT ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါသေးတယ်။
ဒီဇင်ဘာ ၁၄ ရက် ဒီနေ့အထိ စစ်ကော်မရှင်စစ်ကြောင်းဟာ ဒမငယ်ရွာထဲမှာရှိနေသေးပြီး အနီးအနားရွာတွေကို စစ်ကြောင်းဆက်ထိုးဖို့ပြင်နေတယ်လို့ သိရပါတယ်။
စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေသေးတာကြောင့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်အခြေနေကို မသိရသေးဘူးလို့ဆိုပါတယ်။
တိုက်ပွဲနဲ့လေကြောင်းဗုံးကြဲနေတာတွေကြောင့် ဒမငယ်၊ ဖလံပင်၊ ရှားစေးဖိုး၊ အုန်းနှဲကန်ရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း