ဆွမ်းသွတ်လုပ်နေတဲ့အိမ်ကို စစ်တပ်ကပစ်ခတ်လို့ ကလေး ၂ ဦးသေဆုံး၊ ၄ လသားကလေးနဲ့မိခင်တို့ ဒဏ်ရာပြင်းထန်

0 1
0 1

စစ်ကိုင်း၊ မေ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီနယ်အစပ် ထန်းဇင်ရွာက လပတ်လည်ဆွမ်းသွတ်လုပ်နေတဲ့ နေအိမ်တခုကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေး ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက် မနေ့က မနက် ၇ နာရီလောက်မှာ ပျူစောထီးရွာဖြစ်တဲ့ ဘန့်ဘွေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက ထန်းဇင်ရွာထဲကိုဝင်ရောက်ပစ်ခတ်တာလို့ ယင်းမာပင်အခြေစိုက် Bant Two အဖွဲ့မှ ရဲဘော် တဦးက မြေလတ်အသံကို ပြောပါတယ်။

“လလည်ဆွမ်းသွတ်လုပ်နေတဲ့အိမ်ကို ဝင်ပစ်သွားတာဗျ။ ဘုန်းကြီးတွေတရားပေးပြီး ပြန်သွားတဲ့အချိန်ကို စောင့်ပြီးပစ်သွားတာ။ အိမ်ရဲ့အနောက်ဘက်ကနေပြီး နီးနီးကပ်ကပ်ကို ပစ်သွားတာ၊ ဘယ်လိုကြောင့် ပစ်သွားတယ်တော့မသိဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဆွမ်းသွတ်နေအိမ်က အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ ဆွမ်းသွတ်နေအိမ်ကို လာရောက်တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေး ၁ ဦး ဗိုက်ပွင့်ထွက်၊ ဦးခေါင်းပွင့်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ၄ လသား ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ကျည်ဆံထိမှန် စိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးလည်း လက်ချောင်းပြတ်ထွက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“လသားအရွယ် ကလေးက မိခင်လက်ထဲမှာ နို့တိုက်နေတုန်း မိခင်ရဲ့ ရင်ဘတ်ကနေတဆင့် ကျည်ထုတ်ချင်းပေါက်ပြီး ကလေးရဲ့ မျက်လုံးကိုမှန်တာ မျက်လုံးကျွတ်သွားတယ်လို့ သိရတယ်။ သူတို့က ခုဆေးရုံသွားကြတယ် အခြေနေမသိရသေးဘူး” လို့ ပြောပါတယ်။

ရွာထဲကိုပစ်ခတ်ပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ ထန်းဇင်ရွာခံအမျိုးသား ၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကနီနယ်ဘက်ကို ထွက်ခွာသွားပြီး လက်ရှိမှာ ကနီမြို့နယ်၊ တွင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။