ကောလင်း၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံစူးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲချခဲ့တာကြောင့် ကလေးမိခင် ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကန်ပေါက်တာရွာကို ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီခွဲမှာ ၁ ကြိမ်၊ ၉ နာရီ ၃၆ မိနစ်မှာ ၁ ကြိမ် တံတားဦးလေတပ်ဘက်ကလာတဲ့ဂျက်ဖိုက်တာ ၁ စီးနဲ့ဗုံးကြဲခဲ့ပြီး ည ၁၀ နာရီ ၅၈ မိနစ်မှာလည်း တံစူးရွာကိုလည်း မိတ္ထီလာတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ပထမတရွာကို ကြဲတာ နေအိမ်ပေါ်ကျပြီး ကလေးမိခင်သေတာ၊ ကလေး ၂ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သိရတယ်။ အမျိုးသားဖြစ်သူက ဝါးခုတ်သွားလို့ လွတ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ ကန်ပေါက်တောရွာက မိခင်အမျိုးသမီး ၁ ဦးဖြစ်ပြီး ၆ နှစ်အရွယ်သမီးဖြစ်သူနဲ့ ၃ လသားအရွယ် ယောကျာ်းလေး ၁ ဦးကတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တံစူးရွာ လေကြောင်းတိုက်ခံရမှုမှာ အဆောက်အဦတွေ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ကသာမြို့နယ်တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – မြတ်