စဥ့်ကူးမှာ လေကြောင်းသုံးဗုံးကြဲလို့ အမျိုးသား ၁ ဦးသေဆုံး

0 10
0 10

စဥ့်ကူး၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရတယ်လို့ စဥ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ညနေ ၃ နာရီခွဲမှာ မိတ္ထီလာလေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာက စဥ့်ကူးမြို့၊ ပင်လယ်ကြီးရပ်ကွက်အတွင်း ဗုံး ၃ လုံးကြဲချခဲ့ပြီး ညနေ ၄ နာရီခန့်မှာ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

” ၁ ရက်ထဲ ၂ စီး ၅ ကြိမ် ပစ်သွားတာပါ။ ဗုံးကြဲတဲ့ဝန်းကျင်အနီးအနားမှာ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးတာတွေ မရှိပါဘူး။ ပင်လယ်ကြီးမှာတော့ နေအိမ်ထဲရှိနေသူတွေထိတာ”လို့ စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး ပင်လယ်ကြီးရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ အသက် ၂၀ ကနေ ၆၀ ကြားရှိ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦးဒဏ်ရာကာ နေအိမ် ၂ လုံးပျက်စီးပြီး လက်ပန်လှကျေးရွာမှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ မတ္တရာမြို့နယ်ကနေ ဝင်လာတဲ့စစ်ကြောင်းဟာ ရွှေပြည်နဲ့ တောင်အင်းရွာတွေကို ဝင်ရောက်လာခဲ့ပြီး အဲ့ဒီနေရာတွေတဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ အေးချမ်းသာရပ်ကွက်မှာ ဗုံးကြဲခံရပြီး မိန်းကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။