ကန်ဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရ

0 1
0 1

စစ်ကိုင်း၊ မေ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာ နဂါးမတောင်အနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ပျူ အင်အား ၇၀ လောက်တပ်စွဲထားတဲ့နေရာကို မေလ ၁၀ ရက် ည ၈ နာရီကျော်ကနေ မေလ ၁၁ ရက် မနက် ၂ နာရီထိ ၆ နာရီနီးပါး တိုက်ခိုက်ခဲ့တယ်လို့ Golden Star Force ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

၆ နာရီကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများနိုင်ပေမယ့် စခန်းမသိမ်းနိုင်ခဲ့တာကြောင့် စာရင်းအတိအကျ မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်ခဲ့ပေမယ့် RPG နဲ့ပစ်ခတ်ရာမှာ ချို့ယွင်းချက်ဖြစ်ခဲ့တာရယ်၊ ကျည်ဆံကုန်သွားတာရယ်ကြောင့် စခန်းကို တက်မသိမ်းနိုင်ဘဲ အပြန်အလှန်ပစ်ခတ်မှုလောက်သာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ကို သွားတိုက်တဲ့နေရာမှာ လက်နက်အင်အားတော့နည်းတယ်။ ကျနော်တို့ဘက်ကလည်း ၄၀ မမအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့ဘက်က သူတို့အနား မီတာ ၁၀၀ လောက်ထိ ကပ်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။

တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၉ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့သလို ၁ ဦး စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်မြို့နယ် တပ်ရင်းအမှတ် (၂၉)၊ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Golden Star Force ၊ YMB Drone Force နဲ့ အခြား တပ်ရင်း၊ တပ်ခွဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီလ ၄ ရက် ကနေ ၈ ရက်အထိ ကန်ဒေါင့်ရဲစခန်းကို အကြိမ်ကြိမ်သွားရောက်တိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက် လုနီးချိန်အရောက်မှာပဲ စစ်ကောင်စီဖက်က လေယာဉ်ပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စခန်းကိုမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။