ပေါက်၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့အနီး စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ဖို့ပြင်ဆင်ရာက ဗုံးသီးပေါက်ကွဲပြီး PDF ၂ ဦးကျဆုံးခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ကျဆုံးခဲ့သူဟာ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက် ၂၀ နှစ်အရွယ် တပ်ဖွဲ့ဝင်ဂဠုန် နဲ့ ပေါက် BLY ပကဖ တပ်ဖွဲ့ဝင် ဆင်အုပ်တို့ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခန့်မှာ အီနာဂါဗုံးသီးရွှေ့ပြောင်းချိန် စနက်တံပြုတ်ပြီးပေါက်ကွဲရာက ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။



“အီနာဂါဗုံးသီးကို အရွှေ့အပြောင်းလုပ်ရင်း ၁ လုံးက Error တက်ပြီး လက်ထဲမှာပေါက်ကွဲပြီး ၂ ဦး ကျဆုံးပြီး ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ကျနော်တို့ တိုက်ပွဲသွားဖို့ ကားပေါ်မှာ အရွှေ့အပြောင်းလုပ်နေတာ၊ ဒရုန်းမှာတပ်တဲ့ အီနာဂါဗုံးတွေကို တင်နေတာ၊ ၁ လုံးကို စနက်တံပြုတ်နေတာမှာ ထကွဲတာ၊ နောက်အလုံးတွေပါ လိုက်ကွဲတာ”လို့ ဧရာဒေါင်းတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက မြေလတ်အသံကို ပြောပါတယ်။



တပ်ဖွဲ့ဝင်ဂဠုန်ရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီဇင်ဘာ ၁၀ ရက် မနေ့ညနေ ၄ နာရီက မြစ်ခြေမြို့ တနေရာမှာပြုလုပ်ခဲ့ကာ တပ်ဖွဲ့ဝင်ဆင်အုပ်ရဲ့ စျာပနကိုတော့ ပေါက် BLY ပကဖ နယ်မြေမှာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင်ဂဠုန်အပါအဝင် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးအထိ ကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း