မန္တလေးမြို့မှာ ၂၄ နာရီအတွင်း ငလျင်ငယ် ၃ ကြိမ် လှုပ်ခတ်

0 8
0 8

မန္တလေး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၅။

မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၀ ရက် ညနေနဲ့ ညပိုင်း၊ ဒီဇင်ဘာ ၁၁ ရက်မနက်အစောပိုင်းတွေမှာ ငလျင်ငယ် ၃ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့က ညနေ ၄ နာရီ ၆ မိနစ်မှာ ၄.၅ အင်အားရှိ ငလျင်ငယ်တခု မတ္တရာမြို့ရဲ့အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (ဆည်တော်ကြီးအနီး)ကို ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

ပုံစာ – မတ်လကငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ မန္တလေးမြို့ကအဆောက်အဦးများ။(ပုံဟောင်း)

ဒါ့အပြင် ယမန်နေ့ ည ၉ နာရီ ၆ မိနစ်မှာလည်း ပြင်းအားအသင့်အတင့်ရှိငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီး ငလျင်ပြင်းအားနဲ့ ဗဟိုပြုနေရာကို မိုးဇလဌာနက ထုတ်ပြန်လာတာ မရှိသေးသလို ငလျင်ပြင်းအားနဲ့တည်နေရာပြတဲ့ အက်ပလီကေးရှင်းတွေမှာလည်း ဖော်ပြထားတာ မရှိသေးပါဘူး။

” ညနေဘက်လှုပ်တဲ့ ငလျင်က ပိုပြင်းတယ်။ ၂ ခါလောက် စောင့်ပြီးရမ်းနေတာ။ အိမ်ပေါ်ကတောင် ဆင်းပြေးရတယ်။ ည ၉ နာရီက အရှိန်သိပ်မပါဘဲနဲ့ အသံကအရင်လာတာ”လို့ မန္တလေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ – မတ်လကငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ မန္တလေးမြို့ကအဆောက်အဦးများ။(ပုံဟောင်း)

ဒီကနေ့မနက် ၃ နာရီ ၂၄ မိနစ်မှာ ငလျင်ငယ်တခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြို့ခံတွေထံကသိရပြီး အဲ့ဒီငလျင်က ၃.၇ အင်အားရှိကာ မန္တလေးနဲ့ မတ္တရာမြို့အကြားကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ ငလျင်ပြင်းအားနဲ့တည်နေရာပြတဲ့ အက်ပလီကေးရှင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၉ ရက်ကလည်း ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၃.၉အင်အားရှိ ငလျင်တခု လှုပ်ခတ်ခဲ့သေးပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင် ၄ ကြိမ်စလုံးမှာ နေအိမ်နဲ့လူ ထိခိုက်ပျက်စီးတာမရှိဘူးလို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။