ရွှေစက်တော်အနီးစစ်ကြောင်းထိုးပြီး အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ကို PDF က ကြားဖြတ်တိုက်

0 43
0 43

မြေလတ်အသံ၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတဲ့စစ်ကြောင်းကို ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ ခံကုန်းကျေးရွာကနေ အင်အား ၁၂၀ ခန့်နဲ့ ရွှေစက်တော်ဘုရားအနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေက ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ ရွှေကြောင်းရွာကို ဝင်ရောက်လာပြီး အသက် ၄၀ ကျော်အမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

” သူတို့ကရွှေကြောင်းရွာကိုဝင်တဲ့အချိန်မှာ လယ်ကွင်းမှာရိတ်နေတဲ့အမျိုးသားကိုလှမ်းပစ်တာ။ PDF ဆိုပြီးလှမ်းပစ်တော့ အဲ့အမျိုးသားကို မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ရိုက်နှက်ပြီးတော့ သေအောင်သတ်သွားတာ။ အဲ့တာကို အတူတူပုန်းနေတဲ့ ပြည်သူတွေကလည်း မြင်တယ်။ ပြီးတော့ မိသားစုကိုသင်္ဂြိုဟ်ခွင့် မပေးဘဲနဲ့ သူတို့သင်္ဂြိုဟ်သွားတယ်”လို့ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ရွှေကြောင်းရွာကနေ ကူရွာကို ဆက်လက်ဝင်ရောက်လာပြီး အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသား ၁ ဦးကို PDF ဆိုကာ ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ကူရွာက အမျိုးသားကို ပစ်သတ်တဲ့အချိန်မှာ သူ့သားလေးက ဘေးနားမှာကျန်ခဲ့တယ်ဗျ။ သူ့ရဲ့ညီနဲ့အမျိုးတွေကလည်း ဘေးနားမှာရှိတယ်ဗျ။ အဲ့လိုအခြေအနေမှာ လှမ်းပစ်လိုက်တာ ထုတ်ချင်းဖောက်သွားတယ်ဗျ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ကူရွာကနေ ထွက်ခွာလာတဲ့ အထက်ပါစစ်ကြောင်းကို အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ကုတင်ကုန်းရွာအနီးမှာ ​မိနစ် ၃၀ ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သားတွေက ကုတင်ကုန်းရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်နေအိမ်အချို့ပျက်စီးခဲ့သလို ကျေးရွာတွင်းရှိ အသက် ၂၀ ကျော် အမျိုးသား ၂ ဦးကို လက်ပံတောရွာရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ လက်ပံတောရဲစခန်းကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်း၊ မင်းဘူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ဒရုန်းဗုံးသီး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။