မြေလတ်အသံ၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။
မကွေးတိုင်း၊ ကံမ၊ သရက်နဲ့ မင်းဘူး(စကု)မြို့နယ်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖက်မှ သေဆုံးမှုရှိခဲ့တယ်လို့ PDF တာဝန်ရှိသူတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်မနက် ၉ နာရီမှာ ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းကနေ အင်အား ၄၀ ခန့်နဲ့ထွက်ခွာလာတဲ့ စစ်ကြောင်းကို နတ်မီးတောက်ကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ပြီးတဲ့နောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာလို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

” အသင့်ထောင်ထားတဲ့မိုင်းက ၃ လုံးပါ ကွင်းမိုင်း။ ၆ ဦးသေဆုံးတာကို သူတို့စစ်ကြောင်းက ရှေ့ပွိုင့် ၆ ယောက်က မိုင်းကွင်းထဲဝင်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာ။ သူတို့အဲ့နေရာမှာတင် တုံးလုံးလဲကျသွားပြီးတော့ ကျနော်တို့ရဲဘော်တွေက နောက်မှာပါလာတဲ့ နောက်ချန်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်တာပါ” လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် ဆက်ထွက်လာတဲ့အဲ့ဒီစစ်ကြောင်းဟာ ကံမမြို့နယ်ကတဆင့် မွန်းလွဲ ၁၂ နာရီမှာ သရက်မြို့နယ်၊ စက်တောင်ကျေးရွာ ရောက်ရှိလာချိန် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” ကျနော်တို့ရဲဘော်တွေက ကတ္တရာလမ်းရဲ့ ဘေး၊ မြောင်တွေကနေ ရန်သူကိုအနီးကပ် တိုက်ခိုက်တာပါ။ မီတာ ၁၅၊ ၂၀လောက် အကွာကနေ။ အဲ့ဒီမှာအနီးကပ်တိုက်ခိုက်မှုကြောင့် သူတို့ထိခိုက်၊ လဲကျ၊ သေဆုံးတာကို မြင်ရသလို ဒဏ်ရာရတွေကို သရက်ဆေးရုံကိုရောက်ရှိလာတာရှိပါတယ်။ အဲ့ကနေမှ ၁၀ ဦးသေဆုံးတာကိုအတည်ပြုခဲ့တာပါ”လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
၂ ကြိမ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၁၆ ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။
လက်ရှိမှာ တိုက်ခိုက်ခံရတဲ့ အထက်ပါစစ်ကြောင်းဟာ သရက်မြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား ၃၀ ခန့်ပါစစ်ကြောင်းနဲ့ စက်တောင်ကျေးရွာမှာ ပူးပေါင်းပြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲကာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ကိုမြတ်က ဆိုပါတယ်။
ကံမမြို့နဲ့သရက်မြို့နယ်အတွင်းမှာတိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် သရက်-ကံမလမ်းပိုင်းကို အသုံးပြုသွားလာကြမယ့် ခရီးသွားပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ကိုလည်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက အသိပေးထားပါတယ်။