ချောင်းဦးတွင် စစ်ကောင်စီက PDF ရဲဘော်နဲ့ ပြည်သူ ၈ ဦးကိုသတ်၊ ၅ ဦးကို ခေါင်းဖြတ်ခဲ့

0 1
0 1

ချောင်းဦး၊ မေ ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အင်းမရွာနားမှာ CHU PDF ရဲ့ လေ့ကျင့်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားတဲ့ နောက်တန်းစခန်းတခု စီးနင်းခံခဲ့ရပြီး ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့သလို စစ်ကြောင်းသွားရာလမ်းကြောင်းမှာရှိတဲ့ တခြား ရဲဘော်၂ ဦးနဲ့ ပြည်သူ ၁ ဦးလည်း ထပ်မံအသတ်ခံလိုက်ရတယ် လို့ သိရပါတယ်။

မေလ ၅ ရက် မနေ့ကည ၈ နာရီခန့်က ကျီကုန်းရွာက ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ ခမရ ၇၀၈ စစ်ကြောင်းနဲ့ ချောင်းဦးမြို့နယ် ပကဖကင်း‌အဖွဲ့ ထိတွေ့မှုစတင်ဖြစ်ခဲ့ပြီး အနီးနားမှာရှိတဲ့ အဆိုပါ နောက်တန်းစခန်းကို ချက်ချင်းဆုတ်ခွာဖို့ ညွှန်ကြားခဲ့ပေမယ့် စခန်းတဝိုက်မိုင်းဆင်ပြီးမှ ထွက်ဖို့လုပ်လိုက်တဲ့အတွက် ဖမ်းမိကာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက သူတို့ဆီဦးတည်လာတာ၊ ကြားမှာရှိတဲ့ ကင်းတွေနဲ့ကလည်း ထိတွေ့မှုဖြစ်နေပြီ၊ စခန်းကိုရောက်ဖို့ မိနစ်ပိုင်းပဲလိုတော့တဲ့အချိန် ချက်ချင်းဆုတ်ဖို့ ညွှန်ကြားချက်ပေးတယ်။ ဖြစ်ချင်တော့ သူက ဆုတ်တော့ဆုတ်မှာ မဆုတ်ခင်မှာ မိုင်းဆင်ခဲ့ဦးမယ်ဆိုပြီး မိုင်းတပ်ဆင်တဲ့အချိန် ပွိုင့်တပ်စိတ်နဲ့ တည့်တည့်ကြီးတွေ့ပြီး အဖမ်းခံလိုက်ရတာ၊ ဆုတ်ဖို့ ညွှန်ကြားချက်ပေးချိန် တခါတည်း တန်းဆုတ်သွားရင် အကုန်လွတ်တယ်၊ အမိန့်နာခံမှုအားနည်းတာ။ လုပ်ချင်ဇောကြီးသွားတာလို့ပဲ သုံးသပ်ရမယ်” လို့ ချောင်းဦး ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီစခန်းဟာ လေ့ကျင့်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းအဓိက တာဝန်ယူထားရပြီး တိုက်ခိုက်ရေးစခန်း မဟုတ်တဲ့အတွက် လက်နက်တပ်ဆင်ပေးထားတာမျိုးမရှိဘဲ စခန်းမှာလည်း လေ့ကျင့်ရေး ရဲဘော်အသစ်တွေပဲ ရှိကာ လက်နက်အနေနဲ့ကလည်း လက်လုပ်နဲ့ ခါးချိုးတွေသာ ချထားပေးထားတာဖြစ်လို့ ပြန်လည်ခုခံနိုင်တဲ့ အနေထားမှာ မရှိဘူးလို့ သိရပါတယ်။

သေဆုံးသွားသူတွေဟာ CHU PDF နောက်တန်းစခန်းတခုက အသက် ၄၀ အရွယ် စခန်းတာဝန်ခံတဦး၊ အသက်၂၀ ဝန်းကျင် ရဲဘော် ၂ ဦး၊ စခန်းအနီးနားမှာရှိတဲ့ အသက် ၂၀ ဝန်းကျင် ရွာသား ၂ ဦး စုစုပေါင်း ၅ ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရပြီး အလောင်း ၂ခုကတော့ ခေါင်းရှာမတွေ့ဘဲ သင်္ဂြုလ်လိုက်ရတယ်လို့ ဆိုပါတယ်။

“ခေါင်းက ရှာမတွေ့တာ ကိုယ်တွေပဲတွေ့တယ်။ ညဘက် ၅ လောင်းရှာပြီး မနက်မှ ခေါင်းက ဟိုနားတလုံး ဒီနားတလုံး ၃လုံးပဲတွေ့တာ။ ၂ လုံးက ခုထိကို မတွေ့သေးဘူး။ ၂ ဦးက ခေါင်းမပါဘဲ သဂြိုလ်ပေးလိုက်ရတယ်။ တွေ့တဲ့ ၃ ဦးကလည်း ခေါင်းကို မီးထဲထည့်ရှို့ထားတော့ ဘယ်ခန္ဓာကိုယ်နဲ့ ဆက်ပေးရမှန်းကို မသိဘူး။ ဒီတိုင်း သဂြိုဟ်လိုက်ရတယ်”လို့ ချောင်းဦး ပကဖတာဝန်ရှိသူတဦးက ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် အဆိုပါစခန်းကနေ မိုင်ဝက်လောက်အကွာမှာ အသက် ၆၀ ဝန်းကျင် စစ်ရှောင်အမျိုးသမီးတဦးရဲ့ အလောင်း၊ စခန်းနဲ့ ၁ မိုင်လောက်အကွာမှာ ကာကွယ်ရေးအဖွဲ့တခုမှ အသက် ၄၀ ဝန်းကျင် ရဲဘော် ၂ ဦးရဲ့ အလောင်းကို ထပ်မံတွေ့ခဲ့ရပြီး ရဲဘော်တွေအလောင်းကိုတော့ သက်ဆိုင်ရာအဖွဲ့ထံ အပ်နှံလိုက်ပြီး အမျိုးသမီးအလောင်းကတော့ မိသားစုကိုပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားတဲ့ မနေ့က ည ၁၁ နာရီလောက်ကတည်းက နယ်မြေရှင်းလင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပြီး ဒီကနေ့ မနက် ၈ နာရီမှာတော့ လုပ်ငန်းစဉ်အားလုံးပြီးသွားတဲ့အတွက် အလောင်းတွေကို သဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းဟာ မေလ ၅ ရက် မနက်ကတည်းက ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကိုရောက်ရှိနေကာ ညဘက်မှာ စခန်းကိုဝင်စီးပြီးနောက် အမြင့်ရဲစခန်းကိုထွက်ခွာသွားပြီး ဒီကနေ့မှာတော့ ရွှေကူအုပ်စုနဲ့ ဝယာအုပ်စုဘက်ကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။