ရေတာရှည်မှာ နေအိမ်ထဲရှိနေတဲ့ လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး

0 3
0 3

ပဲခူး၊ မေ ၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကွင်းကြီးကျေးရွာမှာ နေအိမ်ထဲရှိနေတဲ့ လင်မယား ၂ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ အသက် ၆၅ နှစ်အရွယ် ဦးအုန်းသန်းနဲ့ ဇနီးဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဒေါခင်စန်းဝင်းတို့ဟာ နေအိမ်ထဲရှိနေချိန် သေနတ်သမားတွေက ဝင်ပစ်လို့ နှစ်ယောက်စလုံးနေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖြစ်တဲ့အချိန်မှာ မယားဖြစ်သူက အိမ်ပေါက်ဝကို ကျောပေးထိုင်နေတာ။ လင်ဖြစ်သူက အိပ်နေတာ။ အဲဒါကို စိတ်ကြိုက်ဝင်ပစ်သွားတဲ့ သဘောပါ။ အလောင်းတွေနားမှာတော့ ကျည်ခွံ ၄ ခုတွေ့တယ်လို့တော့ သိရတယ်။ သူတို့က ရွာမှာ လယ်ပိုင်ယာပိုင်ဆိုတော့ ပိုက်ဆံရှိတဲ့အထဲပါတယ်။ အရင်ကတော့ NLD ပါတီဝင်ဖြစ်ခဲ့ဖူးတယ်လို့တော့ သိရတယ်။ ရပ်ကျေးအဆင့်ပေါ့။ ခုနောက်ပိုင်းတော့ ဘယ်လိုလဲဆိုတာတော့ မသိရဘူး။” လို့ သူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားဖြစ်သူမှာ ရင်ဘတ်နဲ့လက်မောင်းအောက်တွေမှာ ကျည်ထိဒဏ်ရာ၊ အမျိုးသမီးဖြစ်သူမှာ ရင်ဘတ်ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ လင်မယားနှစ်ဦးဆီက ငွေကြေးလက်ဝတ်လက်စားတွေကိုတော့ ယူဆောင်သွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ဘာကြောင့်လုပ်တယ်ဆိုတာ စုံစမ်းနေဆဲ ဖြစ်ပြီး ပစ်ခတ်သူတွေဘယ်သူဆိုတာ မသိရသေးပါဘူး။

ပစ်ခတ်မှုအပြီးမှာတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးပြီးပြန်သွားတယ်လို့ သိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။