နတ်တလင်း၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူအမျိုးသား ၁ ဦး ပစ်သတ်ခံရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်မနက် ၇ နာရီခန့်မှာ နတ်တလင်းဘက်ကနေ အင်အား ၅၀ ခန့်ပါ စစ်ကော်မရှင်အဖွဲ့ဟာ ငုတ်တိုကျေးရွာကိုဝင်လာပြီးနောက် ရွာထဲမှာလျှောက်သွားနေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုညီညီကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“သူက လေဖြတ်ပြီး စိတ်ကျန်းမာရေးမကောင်းတော့တာပါ။ ရွာထဲလျှောက်သွားနေချိန် စကစ (စစ်ကော်မရှင်တပ်) နဲ့တိုးပြီး ပစ်ခံရတာ။ ပြောက်ကျားအင်္ကျီဝတ်ထားလို့ပစ်ခံရတယ်လို့တော့ သိရတယ်။ သူလည်းပြေးတော့ပြေးပါလိမ့်မယ်။ မလွတ်ဘဲပစ်ခံရတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပစ်ခတ်တာခံရတာကြောင့် ဦးညီညီရဲ့ ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့ကာ အလောင်းကိုတော့ ပစ်သတ်ခံရတဲ့ညနေပိုင်းမှာ ရွာသားအချို့က သွားကောက်ပြီး သဂြိုဟ်လိုက်ရတယ်လို့ သိရပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် ငုတ်တိုရွာဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး စစ်ကြောင်းကတော့ ဒီဇင်ဘာ ၄ ရက်အထိ ငုတ်တိုရွာဘုန်းကြီးကျောင်းမှာ ပြန်မထွက်သွားသေးဘဲ တပ်စွဲထားတယ်လို့ ကျေးရွာနဲ့နီးစပ်သူက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း