မြစ်ခြေ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
မကွေးတိုင်း၊ မြစ်ခြေမြို့အနီးကကျေးရွာတွေကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ မြစ်ခြေမြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီမှာ စတင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်း ၂ ကြောင်းပေါင်းပြီး မြစ်ခြေဘက်ကိုစစ်ကြောင်းထိုး လာတာကြောင့် ဒေသခံ ၂,၀၀၀ နီးပါး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းထိုးလာတာက မနေ့က ညနေပိုင်းက စထိုးလာတာ၊ ညောင်ဦးဘက်ကနေ ကား ၂ စီးနဲ့ လှေဆိပ်ကိုလာပြီး လှေဆိပ်ကနေလှေနဲ့တဆင့် ဆိပ်ခွာရွာဘက်ကို ကပ်တာ၊ အရှေ့ဘက်ကလာတဲ့ စစ်ကြောင်းနဲ့ ဆိပ်ခွာဘက်ကလာတဲ့ စစ်ကြောင်း ၂ ကြောင်းပေါင်းပြီး မြစ်ခြေဘက်ကို စစ်ကြောင်းထိုးလာတာ ၃၀၀ လောက်တော့ရှိတယ်၊ အင်အား ၁၀၀ လောက်က ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံထဲကို ဝင်သွားတယ်”လို့ မြစ်ခြေဒေသခံတဦးက ပြောပါတယ်။
ညောင်ဦးနဲ့ ဆိပ်ခွာရွာကနေ ထွက်ခွာလာတဲ့ အထက်ပါစစ်ကြောင်းဟာ ယခင်ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ စခန်းချိန်းဖို့လာတာလို့ သိရကြောင်း သူကဆက်ပြောပါတယ်။
“ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံထဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ စခန်းချိန်းတာ၊ ဗိုလ်နဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ အကုန်ချိန်းသွားတာ၊ နယ်မြေအခြေအနေအရ တိမ်းရှောင်နေရလို့ ရှေ့ကိုတက်ကြည့်လို့ မရသေးဘူး”လို့ ဆိုပါတယ်။
ခုလိုစစ်ကြောင်းထိုးတာကြောင့် မြစ်ခြေမြို့အတွင်းက ငှက်ပျောတောရွာ၊ မြို့ဆိုးရွာ၊ မိုးပုလဲရွာ၊ အိုင်းကြီးရွာ၊ ပေါက်တောရွာ၊ ကံကြီးစုရွာတွေက ဒေသခံတွေ စစ်ရှောင်ထွက်ပြေးနေကြရတာပါ။
လက်ရှိမှာစစ်ကြောင်းက ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံထဲကိုရောက်ရှိနေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရကာ တိုက်ပွဲနဲ့ပတ်သက်တဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
စာတည်း – လင်း