ချောင်းဦးမှာ စစ်ကြောင်းက အမျိုးသား ၁ ဦးကိုပစ်သတ်ခဲ့

0 12
0 12

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဒေသခံအမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူမှာ ကျီးကုန်းရွာမှ အသက် ၄၃ နှစ်အရွယ် ကိုမင်းနိုင် ဖြစ်ပြီး ချောင်းဦးမြို့ပေါ်ကနေ အင်အား ၁၀၀ ခန့်ပါတဲ့စစ်ကြောင်းက ကျီးကုန်းရွာကိုဝင်ရောက်လာချိန် နိုဝင်ဘာ ၃၀ ရက်ညနေ ၅ နာရီကျော်မှာ ပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“တိုက်ပွဲမရှိဘူးဗျ။ ချောင်းဦးဘက်က **ကားနှစ်စီးနဲ့ လာတာပါဗျာ။ ခင်မွန်ရွာကိုဖြတ်ပြီး ကျီးကုန်းဝင်တာ။ ရွာကလူတွေကတော့ ထွက်ပြေးကြတာပေါ့။ စစ်ကြောင်းက ရွာကိုဝင်ပြီး ခဏအကြာမှာတော့ ပြန်ထွက်သွားတာ။ အလောင်းကို ရွာထဲရှင်းလင်းရေးပြန်ဝင်ရင် တွေ့တာပါ”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကျီးကုန်းရွာကိုဝင်ခဲ့စစ်ကြောင်းဟာ ညတွင်းချင်းရွာကပြန်ထွက်သွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁ ရက်မနက်ပိုင်းမှာ ရှင်းလင်းရေးဝင်ချိန် ကိုမင်းနိုင်ရဲ့ ရုပ်အလောင်းကို ရွာလယ်ရှိလမ်းမပေါ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့တွေ့ရှိခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

အဆိုပါအင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ကျီးကုန်းကျေးရွာကို ဒီဇင်ဘာ ၂ ရက်ဒီမနက် ပိုင်းမှာ ထပ်မံဝင်ရောက်လာပြီးနောက် လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး ရွာမှာတပ်စွဲထားတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကလည်း ကျီးကုန်းကျေးရွာအတွင်းကို မြပုလဲဂိတ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၁၀ နှစ်ကလေး ၁ ဦးနဲ့ ၃၀ နှစ်အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။