စစ်ကိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ ခုကို စစ်တပ်ကဗုံးကြဲပစ်ခတ်လို့ ကလေးငယ်အပါ ၁၁ ဦးသေဆုံး

0 20
0 20

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ မန္တလေးတိုင်း၊ တကောင်းမြို့တို့ကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်လို့ ကလေးငယ်အပါ ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ နတ်မှော်ဦးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်တွေကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် ကျောင်းမှာခိုလှုံနေထိုင်ကြတဲ့သူတွေ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“ပစ်တာက သီလရှင်ကျောင်းကြီးရဲ့ ဘေးကဘုန်းကြီးကျောင်းထဲပစ်တာ။ ဘုန်းကြီးကျောင်းထဲက မိသားစု ၅ ဦးသေတာ။ သူတို့က စစ်ရှောင်မဟုတ်ဘူးဗျ။ ဟိုးတုန်းကတည်းက အိမ်မီးရှို့ခံရပြီး ဘုန်းကြီးကျောင်း အမှီပြုနေတဲ့သူတွေပေါ့”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဗုံးစထိမှန်ပြီး အသက် ၂၅ နှစ် ကိုရှိုင်းကိုနဲ့ ဇနီး ၂၄ နှစ်အရွယ် မစုမြတ်လင်း၊ သမီးဖြစ်သူ ၂ နှစ်အရွယ် ရွှေပုံစံ၊ ၂၁ အရွယ် မောင်မာင်ဝင်း၊ ၄၀ အရွယ် ဦးရန်နိုင်ဝင်းတို့ သေဆုံးခဲ့တာပါ။

ပုံစာ – နိုဝင်ဘာ ၃၀ ရက်မှာ ဗုံးကြဲခံခဲ့ရသည့်တကောင်းမြို့။

ဒါ့အပြင် လူနေအိမ် ၅ လုံးပျက်စီးပြီး နောက်ထပ် အမျိုးသား၊ အမျိုးသမီး ၅ ဦးမှာလည်းဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း အထက်ပါအမျိုးသားက ဆိုပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ည ၁၁ နာရီကျော်မှာလည်း ရွေဘိုမြို့တောင်ဘက်အထွက်ဂိတ်ကနေ လက်နက်ကြီးပစ်ခတ်လို့ ဝက်လက်မြို့နယ်၊ ယင်းမာကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာအိပ်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၁ ရက်နေ့လယ်ပိုင်းမှာလည်း ချောင်းဦးမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာကို Gyrocopter ၁ စီးနဲ့ဗုံးကြဲချခဲ့ရာ အသက် ၄၀ ခန့်ရှိတဲ့အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ပုံစာ – နိုဝင်ဘာ ၃၀ ရက်မှာ ဗုံးကြဲခံခဲ့ရသည့်တကောင်းမြို့။

ဒါ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့လယ် ၂ နာရီကျော်မှာ ချောင်းဦးမြို့နယ်၊ ချောင်းမနားကျေးရွာနဲ့ ချောင်းဆုံရွာတို့ကို မုံရွာအခြေစိုက် နမခ ဘက်ကတက်လာတဲ့ Gyrocopter ၂ စီးနဲ့ ဗုံးသီးတွေကြဲချလုံးတိုက်ခိုက်ခဲ့ရာ ချောင်းမနားရွာဒေသခံ ဦးတင်မောင်ဝင်းနဲ့ ချောင်းဆုံရွာက အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပါသေးတယ်။

“ဗုံးကြဲတာက ချောင်းဦး-မုံရွာအစပ်က ချောင်းဆုံကြဲတာ။ ၁ ယောက်သေတယ်။ ၁ ယောက် ဒဏ်ရာရတယ်။ ပြီးတော့ ချောင်းဦးနယ်မြောက်ခြမ်းက ချောင်းမနား ထပ်ကြဲတာ။ အဲ့မှာ ၁ ယောက်သေပြီးတော့ ၉ ယောက်ဒဏ်ရာရသွားတာ”လို့ ချောင်းဦးဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ချောင်းမနားရွာမှ ဒဏ်ရာရသူ ၉ ဦးမှာ ဦးကော၊ ဦးကျော်မိုး၊ ကိုဘဂျမ်း၊ ကိုဆွေဝင်း၊ မောင်သိန်း၊ ဦးမြညွန့်၊ မငယ်၊ အမည်မသိရတဲ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

ပုံစာ – နိုဝင်ဘာ ၃၀ ရက်မှာ ဗုံးကြဲခံခဲ့ရသည့်တကောင်းမြို့။

အလားတူနိုဝင်ဘာ ၃၀ ရက်ည ၈ နာရီကျော်မှာ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သေဆုံးသူတွေကတော့ ယောကျာ်းတွေပါ။ လက်ဖက်ရည်သောက်နေတဲ့သူ။ ပြေးချိန်မရလိုက်ရဘူးတဲ့ဗျာ။ ဒဏ်ရာရသူတွေလည်း တော်တော်များတယ်လို့သိရတယ်။ အသေးစိတ်အခြေအနေကတော့မသိရဘူး”လို့ တကောင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဆိုပါတိုက်လေယာဥ် ၁ စီးဟာ တကောင်းမြို့လမ်းဆုံအနီး နဲ့ မြို့ထဲရှိလဖက်ရည်ဆိုင် ကို ဗုံးသီး ၁ လုံးစီးအသီးသီးကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တို့ကိုတော့ မသိရှိရပါဘူး။

တကောင်းမြို့ကို အမျိုသားညီညွတ်ရေးအစိုးရ – NUG ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄၊ သြဂုတ် ၁၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖက်မှ ၆၄ ဦးသေဆုံးကာ ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၁ ရက်ထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၅၀၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ အစီခံစာမှာ ဖော်ပြပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။