ပြည်ထောင်မှ ၅၀၅-က လွတ်ငြိမ်း ၄၉ ဦးရှိပြီး သံသယနဲ့ပြန်ဖမ်းသူ၊ လုံးဝလွတ်မပေးသူများလည်းရှိ

0 2
0 2

ပဲခူး၊ မေ ၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်အကျဉ်းထောင်ကနေ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝန်းက သိရပါတယ်။

ယနေ့ မေလ ၃ ရက် ကဆုန်လပြည့်နေ့မှာ ပြည်အကျဉ်းထောင်ကနေ ၅၀၅-က နဲ့ နိုင်ငံရေးအကျဉ်းသား ကျား ၃၅ ဦး နဲ့ မ ၁၄ ဦး လွတ်ပေးခဲ့သော်လည်း လွတ်ငြိမ်းစာရင်းပါဝင်ပြီးကာမှ သံသယနဲ့ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရသူလည်း ရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝန်းက သိရပါတယ်။

“ကျနော်တို့ သိတဲ့တယောက်ဆို လွတ်ငြိမ်းပါပြီးမှ မပါဘူးဆိုပြီး သံသယနဲ့ ပြန်ထိန်းထားတယ်။ သူ့ရင်ဝ ဆောင့်ကန်လိုက်သလို ဖြစ်တာပေါ့။ အခုမနက်မှ စာရင်းပြန်ဖျက်တယ်။ အပြင်က စောင့်နေကြတဲ့ သူမိသားစုရော အထဲကသူရော တလွဲဖြစ်ကုန်တာပေါ့” လို့ နိုင်ငံအသိုင်းအဝိုင်းနဲ့နီးစပ်သူ တဦးက မြေလတ်အသံကို ပြောပါတယ်။

လွတ်ငြိမ်းခွင့်ပေးသူတွေထဲမှာ ပြည်မြို့က နာမည်ကြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့သော်လည်း ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်းက ကိုမျိုးညိန်းဇော်ကိုတော့ လွတ်မပေးဘူးလို့ သူ့မိတ်ဆွေတွေဆီက သိရပါတယ်။

“၅၀၅-က နဲ့ ပြည်ကနေ အကုန်နီးပါး လွတ်တယ်လို့ ပြောရမယ်။ အဲ့အထဲမှာမှ သူကမပါဘူးဆိုတော့ စိတ်မကောင်း ဖြစ်ကြတာပေါ့။ တကယ်က သူက ဘာနိုင်ငံရေးမှ မလုပ်ဘူး။ လူအေးလူပျော်ပဲ။ မိုးမေတ္တာအသင်းကဆိုတာ တခုပဲ ပြောစရာရှိတယ်။ အဲဒါကြောင့်ပဲ မလွတ်တာလား ဒါမှမဟုတ် ရဲစခန်းက ချုပ်ရက်ကိုလျော့ပေါ့တဲ့အထဲမှာ မပါဘူးလို့လည်း ကြားတယ်” လို့ ကိုမျိုးညိန်းဇော်ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

လွတ်ငြိမ်းစာရင်းမှာ ၅၀၅-က အမှုအပြင် တခြား ပုဒ်မထပ်တိုးကပ်ခံရသူများကို မထည့်သွင်းထားဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီက အကျဉ်းထောင်/အချုပ်နဲ့ စခန်းတွေမှာရှိတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ထောင်ချခံထားရတဲ့ အကျဉ်း သား/သူ ၂၁၅၃ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန် ကျန်သော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပုံစာ – ယနေ့(မေလ ၃ ရက်)နေ့မှာ ပြည်အကျဉ်းထောင်က လွတ်မြောက်လာသူများကို မိသားစုများက ကြိုဆိုနေကြစဉ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။