ပဲခူးမှာ လူသတ်၊ ပစ္စည်းလုယက်သူအမျိုးသား ၃ ဦး သေဒဏ်ချမှတ်ခံရ

0 24
0 24

ပဲခူး၊ နိုဝင်ဘာ ၂၈၊ ၂၀၂၅ ။

ပဲခူးမြို့မှာ လူသတ်မှု၊ လုယက်မှုကျူးလွန်သူ ၃ ဦးကို ပဲခူးခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ ပဲခူးရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ လူသတ်မှု၊ လုယက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မျိုးမင်းပိုင်(ခ)ကာတွန်း၊ အောင်မျိုးမင်း(ခ)အောင်အောင်နဲ့ ဝင်းကျော်တို့ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မှာ ပဲခူးခရိုင်တရားရုံးက ၎င်းတို့ ၃ ဦးကို သေဒဏ်ချမှတ်ခဲ့တာပါ။

” မနှစ်က ကေစ့်(အမှု)ကို သေဒဏ်ချတာ။ ၂၀၂၄ တုန်းက ဆိုင်ကယ်ရောင်းဝယ်လုပ်မယ်ဆိုပြီးခေါ်သွားတာ ၁ ယောက်က။ ကျန် ၂ ယောက်ကစောင့်ပြီး ဓားနဲ့ထိုးတာ။ ထွက်ပြေးတာကို နောက်ကလိုက်ထိုးတာ မသေမချင်း။ အဲ့ဒါကိုသေဒဏ်ချတာ။ အင်းစိန်ကိုချက်ချင်းပို့တာ။ လူသတ်မှုက အင်းစိန်ပို့ရတာ” လို့ ပဲခူးရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီးစပ်သူ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

၂၀၂၄ ဧပြီ ၂၆ ရက် ညနေပိုင်းက ဥဿာမြို့သစ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ ဆိုင်ကယ်တက္ကစီမောင်းသူ အသက် ၄၃ နှစ်ရှိ ဦးတင်နိုင်စိုး မြသီတာရွာ၊ ဗားမဲ့ဘုန်းကြီးကျောင်းအနီးဘောလုံးကွင်းအတွင်း အသတ်ခံခဲ့ရမှုမှာ ပြစ်မှုကျူးလွန်သူတွေလို့ယူဆရတဲ့ မျိုးမင်းပိုင်(ခ)ကာတွန်း၊ အောင်မျိုးမင်း(ခ) အောင်အောင်နဲ့ ဝင်းကျော် တို့ ၃ ဦးကို အခင်းဖြစ်ပွားပြီး ၁ ပတ်ခန့်အကြာမှာ ရဲကဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရဲစစ်ဆေးချက်အရ မျိုးမင်းပိုင်ဟာ ငွေကြေးအခက်အခဲရှိတာကြောင့် သူငယ်ချင်းတွေဖြစ်တဲ့ အောင်အောင်(ခ)အောင်မျိုးမင်း ၊ ဝင်းကျော်တို့နဲ့ တိုင်ပင်ကာ ၎င်းနဲ့ရင်းနှီးတဲ့ ဦးတင်နိုင်စိုးထံက ဆိုင်ကယ်နဲ့ငွေကြေးတွေလုယူရန် တိုင်ပင်ခဲ့ကြကြောင်း၊ ၎င်းနောက် ဦးတင်နိုင်စိုးကို ဆိုင်ကယ်အရောင်းအဝယ်ရှိကြောင်း အခင်းဖြစ်နေရာကိုချိန်းဆိုလိုက်ပြီး ရောက်ရှိလာချိန်မှာ ဓား၊ စကေဘာအသုံးပြုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီးနောက် ဦးတင်နိုင်စိုးရဲ့ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနဲ့ လက်စွပ် ၁ ကွင်း တို့ကို လုယက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူမြို့ခံတဦးထံက သိရပါတယ်။

အဲ့ဒီနောက် ၎င်းတို့ ၃ ဦးကို ပဲခူးအချုပ်ထောင်မှာ ချုပ်နှောင်ထားကာ လူသတ်မှု၊ လုယက်မှုပုဒ်မတွေနဲ့ ပဲခူးခရိုင်တရားရုံးနဲ့ ၁ နှစ်ခွဲကြာ အမှုစစ်ဆေးပြီးနောက် ယမန်နေ့မှာ သေဒဏ်တွေအသီးသီးချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။