ကံထူးမတိုက်နယ်ဆေးရုံ ညသန်းခေါင်ဗုံးကြဲခံရပြီး ၇ ဦးသေဆုံး

0 13
0 13

မြေလတ်အသံ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲ့ တိုက်နယ်ဆေးရုံကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၂၄ ရက်ဒီမနက် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ တိုက်နယ်ဆေးရုံကို ဗုံးသီး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး ဆေးရုံအနီးရှိ ကားဘော်ဒီဆိုင်ကိုပါ ဗုံးထိမှန်ခဲ့တာကြောင့် ဆိုင်မှာရှိနေတဲ့ အမျိုးသား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

“သေဆုံး၊ ဒဏ်ရာရတာက ဆေးရုံတက်နေတဲ့လူနာတွေမဟုတ်ပါဘူး။ ပစ်ခံရတဲ့ ဓာတ်မှန်ဆောင်ကလည်း လူနာတွေ လက်ခံပြီးတော့ကုနေတာမရှိဘူး။ သေဆုံး၊ ဒဏ်ရာရတဲ့သူတွေက ကားဘော်ဒီဆိုင်က အလုပ်သမားတွေနဲ့ အလုပ်သမားတွေကို မှီခိုနေတဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်”လို့ တန့်ဆည်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၇ ဦးမှာ ဇင်ကို ၁၆ နှစ်၊ ကတုံး ၁၇ နှစ်၊ ပိုင်ချစ် ၁၉ နှစ်၊ ပေါက်စ(ခ)ရှိုင်းထက်အောင် ၂၀ နှစ်၊ ဦးစံဦး ၅၃ နှစ်နဲ့ အမည်မသိရှိရသေးတဲ့ ကားသမား ၂ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးကတော့ ကိုတေဇာဝင်း ၃၉ နှစ်၊ ကောင်းခန့်လှိုင် ၁၈ နှစ်၊ အောင်မျိုးဦး ၁၅ နှစ်တို့ဖြစ်ကြပါတယ်။

သေဆုံးသူတွေထဲက ပိုင်ချစ် ဆိုသူဟာ ဆေးကုသမှုခံယူနေချိန်အတွင်း သေဆုံးခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးဟာလည်း ဒဏ်ရာပြင်းထန်ရာရရှိထားတာကြောင့် အရေးပေါ်ဆေးကုသနေရတယ်လို့လည်း အထက်ပါအမျိုးသားက ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာ တန့်ဆည်၊ မုံရွာ၊ ပင်လည်ဘူး၊ ကန့်ဘလူစတဲ့မြို့နယ်တွေက ဒေသခံတွေဖြစ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ကံထူးမကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင် နဲ့ ဆေးဆိုင် ၁ ဆိုင်ကို စစ်ကော်မရှင်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။