ရေတာရှည်၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာယာဥ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်မနက် ၅ နာရီခန့်မှာ ရန်ကုန်ဘက်နေ နေပြည်တော်ကို ဦးတည်မောင်းလာတဲ့ ကုန်တင်ကားဟာ လမ်းမိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာရပ်ပြီးစစ်ဆေးနေချိန် အနောက်ကလာတဲ့ Surf ကားက ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“ကုန်ကားက ရပ်ဖို့ဆိုပြီး မီးအချက်ပြပြီးဆင်းတဲ့အချိန်မှာ အနောက်ကနေတိုက်တာ။ ကားလေးကတော့ Speed များလောက်တယ်။ ကားကြီးအောက်ထဲတော်တော်ဝင်သွားတာဆိုတော့”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် Surf ယာဥ်ပေါ်ပါ အသက် ၃၀ ကနေ ၅၀ ကြားအမျိုးသား ၃ ဦးစလုံး နေရာမှာတင်သေဆုံးပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းကကောက်ယူပြီး ဆွာဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ဖြူးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၀၁ နဲ့ ၁၀၂ ကြားမှာ အိမ်စီးမော်တော်ယာဥ် ၁ စီးရှေ့ဘီးပေါက်ကာ လမ်းဘေးကာရံထားတဲ့ အကာအရံတွေကို တိုက်မိတိမ်းမှောက်လို့ ကလေးငယ် ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း