မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ကနီမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့နိုဝင်ဘာ ၁၈ ရက်ညနေ ၄ နာရီကျော်မှာ ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိတိုက်နယ်ဆေးရုံနဲ့ အချုပ်ခန်းနေရာတွေကို စစ်ကော်မရှင်တပ်ကတိုက်လေယာဥ်နဲ့ ဗုံးသီး ၁ လုံးစီ ကြဲချခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။
” ဆေးရုံကိုအရင်ချတာ။ ပြီးမှအချုပ်ခန်းချတာ။ ဆေးရုံက ၂ယောက်သေတယ်လို့ပဲသိရတယ်။ ကျန်တဲ့ အသေးစိတ်တွေကိုတော့မသိရဗျ။ ထိခိုက်မှုတွေများနိုင်တယ်ဗျ။ ဒီနေရာတွေက လူများတဲ့နေရာတွေလေ”လို့ ဗန်းမောက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


ဗုံးကြဲခံရတဲ့ ဆေးရုံဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ထိန်းချုပ်မှုအောက်မှာလည်ပတ်နေတဲ့ တိုက်နယ်ဆေးရုံဖြစ်ပြီး ဖြစ်စဥ်နဲ့ပတ်သက်လို့ ဗန်းမောက်မြို့နယ် ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အလားတူ နိုဝင်ဘာ ၁၈ ရက် ညနေ ၃နာရီကျော်မှာ ကနီမြို့နယ်၊ မင်းအိုကျေးရွာအနီး ယာခင်းတွေထဲကို စစ်တပ်တိုက်လေယာဥ် ၂ စီးက ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ယာခင်းထဲမှာရှိနေတဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
” ကြဲတဲ့နေရာက PDF စခန်းဟောင်းနေရာလို့ပြောတယ်။ အရင်ကစခန်းချခဲ့တာပေါ့။ အခု မနေတော့ဘူး။ အဲ့နားမှာနှမ်းရိတ်နေကြတဲ့ သားအမိနှစ်ယောက်ထိတယ်။ သမီးဖြစ်သူ သေတယ်။ နောက်ထပ်ထိတဲ့ ယောကျာ်းတယောက်ကတော့ ဘယ်သူလည်းဆိုတာမသိရဘူး” လို့ ကနီဒေသခံအမျိုးသားတဦးက ပြောပါတယ်။


ဗုံးကြဲခံရတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၎င်းရဲ့မိခင် အသက် ၆၁ နှစ်ရှိ အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၃ ဝန်းကျင်ရှိ အမျိုး သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၁ ရက်ကလည်း ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေကြတဲ့ ပြည်သူ ၈ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
စာတည်း – ဟိန်းစံ