အုတ်ဖိုမြို့နယ်က စကစစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံးဟုဆို

0 5
0 5

အုတ်ဖို၊ ဧပြီ ၂၉၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာ အရှေ့ဘက်ရှိ၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၈ ရက် ညနေ ၄ နာရီမှာ GBK HERO ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ အဆိုပါ ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဦးနီကုန်းလို့ အမည်ရတဲ့ အဆိုပါစစ်ဆေးရေးဂိတ်မှာ စစ်သားနဲ့ပျူစောထီး ၇ ဦးခန့် တာဝန်ကျနေပြီး သစ်ကား၊ ဝါးကားတွေထံက ငွေကြေးကောက်ခံနေတဲ့ စစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။

“ကိုက် ၁၀၀ အကွာလောက်ကနေ ပြောက်ကျားစနစ်နဲ့ ရုတ်တရက် ဝင်တိုက်ခဲ့တာပါ။ စစ်သား ၂ ယောက်တော့ ကျသွားတယ်။ ပျူခေါင်းဆောင် မျိုးဝင်းကိုလည်း ပေါင်ထိသွားတယ်။ သေမလားတော့ မသိဘူး” လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅၊ GBK Hero ပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

ပြန်လှန်ပစ်ခတ်ချိန် မိနစ် ၃၀ လောက်ကြာပြီး ညနေ ၆ နာရီလောက်မှာ သေဆုံးတဲ့ ရဲဘော် ၂ ဦးကို အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်စစ်တပ်ထဲကို ကားနဲ့သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုထဲက ပျူစောထီး ကိုမျိုးဝင်းဟာ အခုနှစ်ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့လယ်က ထန်းပင်ကုန်းရွာအနီးမှာ CDM သူနာပြုဆရာမ မမေဇွန်မိုးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရာမှာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်တယ်လို့ GBK Heroတပ်ဖွဲ့က ဆိုပါတယ်။

အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၂၀ ရက်က ဝိုင်းရွာ၊ ချောင်းစောက်ရွာ၊ ကိုင်းချိုကြီးရွာနဲ့ တာဝါတိုင်ရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ်က အဓမ္မ မောင်းထုတ်တိမ်းရှောင်ခိုင်းတာကြောင့် လူပေါင်း ၁၆၀၀ ခန့် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးဆီက ဆိုပါတယ်။

မတ်လ ၂၈ ရက်ကတော့ အုတ်ဖိုမြိူ့နယ် ပဲခူးရိုးမအစပ်က ဝိုင်းကျေးရွာအုပ်စု တာဝါတိုင်ရွာမှာ တပ်ဆွဲထားတဲ့ အင်အား ၃၅ ဦးခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ကစောင့်ကြိုကာ ပဒေသာမိုင်း ၄ လုံးနဲ့တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေကာ ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရခဲ့ပါသေးတယ်။

လက်ရှိမှာအုတ်ဖိုမြို့နယ်ကို စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလ ၂ ရက်ကစတင်ကာ မာရှယ်လော ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။