ကံမမှာ သက်ကြီးပိုင်းအမျိုးသား ၁ ဦးအသတ်ခံရ

0 55
0 55

ကံမ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာက သက်ကြီးပိုင်းအမျိုးသား ၁ ဦး နိုဝင်ဘာ ၁၅ ရက်ညနေ ၅ နာရီခန့်မှာ အသတ်ခံခဲ့ရတယ်လို့ အသတ်ခံရသူနဲ့ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၇၁ နှစ်အရွယ်ရှိ ဦးကိုငယ်ဆိုသူဖြစ်ပြီး နို၀င်ဘာ ၁၅ ရက်ညနေပိုင်းမှာ လက်နက်ကိုင် လူ ၆ ဦးက သူ့နေအိမ်ကနေဖမ်းခေါ်သွားပြီး ရွာလယ်လမ်းပေါ်မှာပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“PDF အမှတ်တံဆိပ်နဲ့ လူ ၆ ဦးအိမ်ကိုလာတယ်။ အိမ်ကမိသားစုတွေထံက ဖုန်း ၄ လုံးသိမ်းတယ်။ ပြီးတော့ ဘဘ ဦးကိုငယ်ကို ဆိုင်ကယ်နဲ့ညှပ်ခေါ်သွားပြီးမှ ရွာလယ်မှာဘဲ မျက်နှာကို တည်ပြီး ပစ်သတ်ခံရတယ်။ အချို့ကြားတာက သေနတ်သံနှစ်ချက်လို့ပြောတယ်”လို့ ဦးဘိုငယ်ရဲ့ တူဖြစ်သူ ကိုမြတ်အောင်က ပြောပါတယ်။

သေနတ်သံကြားပြီးနောက်ပိုင်း နာရီပိုင်းအကြာရွာခံတွေက သွားရောက်ထွက်ကြည့်ရာမှာ ဦးကိုငယ်မှာ မျက်နှာပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာကြောင့် ရွာခံတွေက အလောင်းကိုမကောက်ယူရဲဘဲ စောင်နဲ့အုပ်ထားခဲ့ရပြီး နိုဝင်ဘာ ၁၆ ရက် မနက် ၆ နာရီခန့်မှာ အလောင်းကို ဆွေမျိုးတွေနဲ့ ရွာခံတွေကကောက်ယူပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးကိုငယ်က NLD အစိုးရလက်ထက်က ရွာ ရပ်မိရပ်ဖသဘောမျိုး ကျေးရွာလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးတာမျိုးရှိခဲ့ပြီး နောက်ပိုင်းမှာ သူပိုင်လယ်ယာစိုက်ခင်းလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေသူဖြစ်တာလို့ ကိုမြတ်အောင်ဆီက သိရပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကံမနယ်မြေမှာစစ်ရေးလှုပ်ရှားနေတဲ့ သရက်ခရိုင်တပ်ရင်း ၄ ဆီ ဆက်သွယ်မေးမြန်းထားကာ ဒီဖြစ်စဥ်ကိုသူတို့အနေနဲ့မသိရှိဘဲ စစ်ရေးရှုပ်ထွေးနေတဲ့အတွက် သတင်းအတည်ပြုဖို့ခက်တယ်ဆိုကာ အကြောင်းပြန်လာတယ်လို့ ကိုမြတ်အောင်က ဆက်ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကံမနယ်မြေအတွင်းလှုပ်ရှားမှုရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို မြေလတ်အသံက မေးမြန်းရာမှာတော့ ကံမမြို့နယ်ပကဖ၊ သရက်ခရိုင်တပ်ရင်း ၄ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့အများစုလှုပ်ရှားမှုတွေရှိတာကြောင့် ဘယ်အဖွဲ့အစည်းကပစ်ခတ်တယ်ဆိုတာ သီးခြားမသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

နိုဝင်ဘာ ၆ ရက်ကလည်း သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာအနီး သရက်-ကံမလမ်းပေါ်မှာ သရက်မြို့နေ ဦးခင်မောင်မြင့်နဲ့ ဦးကျော်လွင်တို့ ၂ ဦးလိုက်ပါလာတဲ့ကားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းဆွဲပြီးနောက် လိုက်ပါလာသူ ၂ ဦးကိုပစ်သတ်မီးရှို့ကာ ပါလာတဲ့ပိုက်ဆံတွေကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။