အမှတ် ၂ စစ်ဒေသဆီ ဘက်ပြောင်းလာတဲ့စစ်သား စစ်ကော်မရှင်ကို ပြန်တိုက်ခိုက်သွားမယ်လို့ဆို

0 11
0 11

ဖြူး၊ နိုဝင်ဘာ ၁၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အခြေစိုက် စစ်ရေးလှုပ်ရှားနေတဲ့ အမှတ် ၂ စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းဆီကို စစ်ကော်မရှင်တပ်သားတဦး ဘက်ပြောင်းလာခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

ဘက်ပြောင်းလာသူက ဖြူး၊ ညောင်ပင်သာ အခြေစိုက် ခလရ ၅ မှ ပြည်သူစစ်မှုထမ်းအပတ်စဥ် ၉ ဆင်း၊ အသက် ၃၃ နှစ်အရွယ် တပ်သား ကိုဇာလင်းအောင် ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ တပ်ရင်းအနီးကင်းပတ်ထွက်ရင်း ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

“သူ့အပြောအရတော့ ကျနော်တို့နဲ့အတူလက်တွဲပြီး တော်လှန်ရေးထဲမှာပါဝင်မယ်လို့ပြောတယ်။ သူက ဒီကြားထဲမှာလည်း (စစ်ကော်မရှင်တပ်ကနေ) ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားသေးတယ်။ သူထွက်ပြေးတဲ့အချိန် လိုက်ပစ်လို့ သူကပြန်ပစ်ခဲ့ပြီးမှရောက်လာတာဆိုတော့ အဲ့ဒါလည်းပါမယ်”လို့ အမှတ် ၂ စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းမှ တပ်မဟာပူးပေါင်းညှိနှိုင်းရေးကော်မတီ – BCT အဖွဲ့ဝင် ဦးသိန်းမြင့်က ပြောပါတယ်။

အဆိုပါ ဘက်ပြောင်းလာသူ စစ်ကော်မရှင်တပ်သားက MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခုနဲ့ အတူကျည်အချို့ယူဆောင်လာတာကြောင့် သူ့ကို ငွေကျပ်သိန်း ၃၀ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

တပ်သား ကိုဇာလင်းအောင်ဟာ ကျောက်ဆည်ဇာတိဖြစ်ပြီး အမျိုးသမီးဖြစ်သူနေထိုင်တဲ့ ပျော်ဘွယ်မြို့နယ်မှာနေထိုင်ချိန် ၂၀၂၅ ဇန်နဝါရီလမှာ ပေါ်တာဆွဲဖမ်းဆီးတာခံရပြီး ပြည်သူစစ်မှုထမ်းအပတ်စဥ် ၉ ကို တက်ရောက်ခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပြီးချိန်မှာ ရှမ်းပြည်နယ်ရှိ တပ်ရင်း ၁ ရင်းမှာ ၁ လတာ တာဝန်ထမ်းဆောင်ပြီးနောက် ဖြူးအခြေစိုက် ခလရ ၅ တပ်ရင်းကိုရောက်ရှိလာသူပါ။

စစ်အာဏသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း အမှတ် ၂ စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦးရှိပြီလို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ဘက်ပြောင်းတာ၊ လက်နက်ချသူနဲ့ ဖမ်းမိတဲ့စစ်သုံ့ပန်း စုစုပေါင်း ၂,၂၆၄ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။