ရွှေဘို၊ နိုဝင်ဘာ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှောပင်ကျေးရွာကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀ ထက်မနည်း မီးလောင်နေတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
နိုဝင်ဘာ ၈ ရက်မနက် ၄ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာဘက်ကနေ ပြန်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ နှောပင်ကျေးရွာထဲကို ဝင်ပြီးမီးရှို့ခဲ့တာလို့ဆိုပါတယ်။
“ရွာခံတွေက အစောကတည်းက ထွက်နေတာဆိုတော့ ရွာထဲလူမရှိနေဘူး။ ဘုန်းဘွဲ့ဘက် စစ်ကြောင်းဝင်ကတည်းက။ နှောပင်ကို မီးရှို့ပြီးတော့ မနက်လင်းတော့ အဲ့စစ်ကြောင်းက သနပ်ချောင် ဘက်ရောက်နေတယ်။ အဲ့ရွာကလောလောဆယ် မီးရှို့တဲ့အခြေအနေတော့မသိရသေးဘူး”လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့ခဲ့လို့ လတ်တလောမှာ နှောပင်ကျေးရွာက နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးနေပြီး မီးမငြှိမ်းသက်နိုင်သေးတာကြောင့် မီးလောင်ပျက်စီးမှုပမာဏ ပိုများနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်အတွင်း ဝက်လက်မြို့နယ်၊ ခေါ်တော၊ မူးကြီး၊ တမာကုန်း၊ ထုံးဘို၊ တံတားဦး၊ ရွာတော်ကုန်းကျေးရွာနဲ့ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ နှောပင်ရွာကို ဒေသခံကာကွယ်ရေးတပ်တွေက မီးရှို့နေတယ်ဆိုပြီး ဝါဒဖြန့်ရေးသားထားတာကို တွေ့ရပါတယ်။

ရွှေဘိုမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်ကတည်းကစလို့ စစ်ကြောင်းထိုးနေတာကြောင့် ဘုန်းဘွဲ့၊ တာဂဏန်း၊ ရှားတော၊ ဇီးတော၊ ယင်းမာ၊ အောင်ချမ်းသာရွာသစ်၊ နှောပင်၊ သနပ်ချောင်အပါ ကျေးရွာပေါင်း ၃၀ ထက်မနည်းက လူဦးရေ ၃၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး နေရပ်မပြန် ကြရသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း