◼ ဗုံးကြဲပြီးပြန်သွားတဲ့ ဂျိုင်ရိုကော်ပတာ လမ်းမှာပျက်ကျလို့ စစ်သား ၂ ဦးသေဆုံး
ဖြူး၊ နိုဝင်ဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ တံခွန်တိုင်ရွာနဲ့ အုတ်ဖြတ်တံတားအနီးမှာ စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၁ စီးပျက်ကျပြီး စီးနင်းလာသူ ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူဆီက သိရပါတယ်။
ပျက်ကျတဲ့ဂျိုင်ရိုကော်ပတာ အပါအဝင် ၂ စီးဟာ နိုဝင်ဘာ ၆ ရက်နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဖြူးမြို့နယ်၊ မကျီးကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်လာချိန် ၁ စီးကပျက်ကျခဲ့တာလို့ ဆိုပါတယ်။

“အင်အား ၃၀ နဲ့ ချက်ချင်းရောက်လာပြီးအားလုံးပြန်ကောက်သွားတယ်။ အတို ၂ လက် အလောင်း ၂ လောင်းပါတယ်လို့ စကစ ထဲက သတင်းပြန်ရသလို ပြည်သူတွေသတင်းပေးပို့မှုလည်း ရရှိပါတယ်။”လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဆိုပါ ဂျိုင်ရိုကော်ပတာ ၂ စီးဟာ မကျီးကုန်းတောင်ရွာကိုဗုံးကြဲချိန် နေအိမ်မှာရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ်ဆိုသူမှာ ဗုံးစမှန်ဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးပြီး နေအိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


“စစ်ရေးအအခြေအနေက ဘာမှမရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် အကြောက်တရားရိုက်သွင်းတဲ့အာဏာရှင်စစ်တပ်လုပ်ရပ်တွေ လာလုပ်နေတာပါပဲ။ လက်နက်ကြီး ဒရုန်းကတော့ မကြာမကြာ ရွာတွေထဲပစ်ထည့်နေကြပါ”လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ပျက်ကျခဲ့တဲ့နေရာဟာ အုတ်ဖြတ်တံတားရှိ စစ်ကော်မရှင်ဂိတ်နဲ့နီးတာကြောင့် အပျက်အစီး အခြေအနေကို မှတ်တမ်းမယူနိုင်ခဲ့ဘဲ သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားအလောင်းတွေကိုတော့ တောင်ငူမြို့ဘက်ကိုသယ်ဆောင်သွားပြီး သင်္ဂြိုဟ်မယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်မနက် ၁၀ နာရီခန့်မှာလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာအနီးမှာ စစ်ကော်မရှင်တပ်တွေအသုံးပြုတဲ့ တန်ဖိုးမြင့်ဒရုန်း ၁ စီးပျက်ကျခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း