ခမရ ၁၂၀ က စစ်ကော်မရှင်တပ်သား ၄ ဦး ဝန်းသိုပကဖ ဆီဘက်ပြောင်းလာ

0 22
0 22

မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ နယ်အခြေစိုက် ခမရ ၁၂၀ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၄ ဦးကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ်ပကဖဆီကသိရပါတယ်။

ထွက်ပြေးလာသူတွေဟာ စစ်ကော်မရှင်တပ်သား အောင်ကိုဦး၊ အောင်ဖြိုးသူ၊ ဇင်မင်း၊ အောင်မြင့်သိန်းတို့ ဖြစ်ပြီး ၎င်းတို့အကုန်လုံးဟာပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ဒီလေးယောက်ထဲမှာ အောင်ဖြိုးသူက ချိတ်ဆက်ပြီး ဝင်လာတာ။ အောင်ဖြိုးသူကို ဇင်မင်းက ၁၂၀ ကနေ ဆိုင်ကယ်နဲ့လိုက်ပို့လာတာ။ သူကကျနော်တို့ဆီရောက်တော့ မပြန်ချင်တော့တာနဲ့ သူ့ကိုပါ ထိန်းသိမ်းထားတာ။ ကျန်နှစ်ယောက် အောင်ကိုဦးနဲ့ အောင်မြင့်သိန်းက ထွက်ပြေးလာပြီးနောက် ပြည်သူတွေက ကျနော်တို့ဆီပို့ပေးခဲ့တာ”လို့ ဝန်းသိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

မန္တလေးဇာတိဖြစ်သူ အောင်ဖြိုးသူနဲ့ မှော်ဘီဇာတိဖြစ်သူ ဇင်မင်းတို့ဟာ ဝန်းသိုမြို့နယ်ပကဖနဲ့ ချိတ်ဆက်ပြီးနောက် အောက်တိုဘာ ၃၁ ရက် မနက် ၁၁ နာရီမှာ ခမရ ၁၂၀ တပ်ရင်းကနေ ထွက်ပြေးလာချိန် ပကဖတပ်ဖွဲဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သူကဆိုပါတယ်။

နိုဝင်ဘာ ၄ ရက်မှာတော့ ဖောင်းပြင်မြို့ဇာတိ အောင်မြင့်သူနဲ့ အောက်တိုဘာ ၂၉ ရက်မှာ မိတ္ထီလာဇာတိ အောင်ကိုဦးတို့ဟာ ခမရ ၁၂၀ တပ်ရင်းကနေ ထွက်ပြေးလာခဲ့ပြီးနောက် ကျေးရွာတရွာအရောက်မှာ ပြည်သူတွေနဲ့တွေ့ပြီး ပြည်သူတွေက ၎င်းတို့ကို ပကဖထံပို့ ဆောင်ပေးခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီထဲက အောင်ကိုဦး၊ ဇင်မင်းနဲ့ အောင်မြင့်သိန်းတို့ဟာ ၂၀၂၄ အတွင်းဖမ်းဆီးခံခဲ့ရပြီးနောက် အပတ်စဥ် ၃၊ ၄ နဲ့ ၅ တက်ရောက်ခဲ့ကြသူတွေဖြစ်ကာ အောင်ဖြိုးသူကတော့ အခုနှစ်ဇွန်လမှာ ဖမ်းခံရပြီး အပတ်စဥ် ၁၄ တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာချိန် ၄ ဦးစလုံးမှာ လက်နက်ခဲယမ်းတွေမပါလာဘဲ လက်ရှိမှာတော့ သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။