မြိုင်၊ နိုဝင်ဘာ ၆၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ထီးလင်းမြို့နယ်ထဲကို နိုဝင်ဘာ ၆ ရက်ဒီမနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာအနီးတဝိုက်ကို ဒီမနက် ၇ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပါရာမော်တာတွေပေါ်ကနေ စုစုပေါင်းဗုံး ၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“လေကြောင်းကတော့ စစ်ကြောင်းတွေအရွေ့မှာ သူတို့ရဲ့ထုံးစံအတိုင်း လေယာဉ်ပစ်ကူတွေပါ တွဲပါလာပြီးတော့ အရပ်သားပစ်မှတ်တွေကို အဓိကထားပြီးတော့ကြဲချနေတဲ့ သဘောမျိုးပါပဲ။ ထိခိုက်ဒဏ်ရာရတယ်လို့တော့မရှိဘူး၊ တောဘက်တွေမှာကျတယ်။”လို့ဒေသခံတဦးက ပြောပါတယ်။
နှမ်းဆီကန်ရွာထဲမှာ တွင်းမရွာကနေလာတဲ့ အင်အား ၂၀၀ နီးပါးပါစစ်ကြောင်းကဝင်ရောက်တပ်စွဲနေတာကြောင့် အနီးတဝိုက်ကိုပစ်ကူပေးနေတဲ့သဘောဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက ခန့်မှန်းပါတယ်။
အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်မှာလည်း နှမ်းဆီကန်ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းရှိနေသေးတာကြောင့် ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
“အရင်းအမြစ်ကတော့ တပ်မ ၁၀၁ ကလာခဲ့တာပေါ့။ ညောင်ဂျစ်ပင် ရောက်တယ်ဆို လက်ရင်းဂိတ်ရှိတဲ့တွေကပြန်လိုက်လာလိုက် အဲ့ကနေမှ တွင်းမရောက်တယ်။ တွင်းမကတွေက ပြန်လိုက်လာလိုက်။ အဲ့လိုပေါ့ တွင်းမရွာထဲကထွက်လာတယ် နှမ်းဆီကန်ရွာကိုရောက်တယ်။ ပြည်သူ့အိမ်တွေလဲမီးရှို့တယ်လို့သိရတယ် ဘယ်နှအိမ်ရှို့လဲဆိုတာတော့ သေချာမသိရဘူး “လို့ ဆိုပါတယ်။
အိမ်ခြေ ၂၈၀ ခန့်ရှိတဲ့ နှမ်းဆီကန်ရွာဟာ ပျူစောထီးအားကောင်းတဲ့ သရက်ကန်နဲ့ တွင်းမရွာကြားမှာရှိပြီး ဒေသခံတွေကတော့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက စစ်ရှောင်နေကြရပြီး လက်ရှိထပ်ဝင်နေတဲ့ စစ်ကြောင်းကြောင့်လည်း နှမ်းဆီကန်၊ မြေရင့်၊ သာစည်၊ စိုကန်စတဲ့ ကျေးရွာက ရေရှည်စစ်ရှောင် ၅၀၀ ဝန်းကျင်လည်း နေရာထပ်မံရွေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်းတိုက်ပွဲဖြစ်နေပြီး အသေးစိတ်အခြေအနေကိုတော့ မသိရဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီကျော်မှာလည်း ထီးလင်းမြို့နယ်မြောက်ပိုင်းရှိ ပုံညာတောင်တန်းကို စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်မှုတွေတော့မရှိခဲ့ဘူးလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်းအတွင်းကကျေးရွာတွေကို အောက်တိုဘာနဲ့ နိုဝင်ဘာ ပထမပတ်အတွင်း စစ်ကြောင်းထိုးမီးရှို့တာအပြင် အရပ်သားတွေနေထိုင်တဲ့နေရာတွေကိုပါ မကြာခဏလေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။