ဝက်လက်၊ နိုဝင်ဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှထွေကျေးရွာက လူလတ်ပိုင်းအမျိုးသား ၃ ဦးကို စစ်ကော်မရှင်တပ်စစ်ကြောင်းက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ စစ်ကိုင်းနဲ့ဝက်လက်အစပ်ရှိ လှထွေကျေးရွာနေထိုင်သူတွေဖြစ်ပြီးကျေးရွာက ၎င်းတို့ပိုင်လယ်ကွက်တွေမှာ လယ်ရေသွင်းနေစဥ် ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက်အစော ၂ နာရီခန့်မှာ ဆားတောင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၅ ဦးပါ စစ်ကော်မရှင်တပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ (စစ်ကြောင်းက)လှထွေရွာကို ရောက်တာမဟုတ်ဘူး၊ လှထွေရွာရဲ့အရှေ့ဘက်ကဖြတ်သွားတာ။ အဲ့လူတွေက တောထဲမှာ ရေယူနေတာ၊ လယ်ရေယူတာ(လယ်ရေသွင်းတာ)၊ ရေစက်မောင်းတာပေါ့ ” လို့ ဝက်လက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
အမျိုးသား ၃ ဦးပစ်ခတ်ခံရချိန်ဟာ ရေသွင်းတာကို လယ်စောင့်တဲမှာစောင့်ဆိုင်းအိပ်နေကြချိန်ဖြစ်ပြီး စစ်ကော်မရှင်စစ်ကြောင်းက စက်သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်သံကို ကျေးရွာအတွင်းရှိဒေသခံတွေအများစုလည်းကြားခဲ့ရကာ ပစ်ခတ်ခံရသူတွေအနက် ၁ ဦးမှာ နေရာမှာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ၁ ယောက်က လက်တင်မှန်တော့ ကမူးရှူးတိုးနဲ့လှထွေ(ရွာ) အထိပြေးသွားတာ။ နောက် ၁ ယောက်ကျတော့ အဲ့ဒီနားလေးတင် ပေါင်ရော၊ လက်ရောမှန်တော့ကျ အဲ့ဒီနားလေးမှာတင်ရှိတယ်။ မနက်က ကာကွယ်ရေးတပ်တွေက တောထဲထိလိုက်ပြီးတော့ ရှာတော့ကျတွေ့တယ်၊ တော်တော်ဒဏ်ရာ ပြင်းထန်တယ်၊ လက်တဖက်ကတော့ စုတ်ပြတ်သွားတာပဲ”လို့ အထက်ပါဒေသခံက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ လှထွေရွာခံအမျိုးသား ၃ ဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဝက်လက်မြို့နယ်မှာ စိုက်ပျိုးရေးမြောင်း(မူးရိုး)က ရေကိုအလှည့်ကျရရှိတာဖြစ်ပြီး လယ်သမားတွေဟာ လျှပ်စစ်မီးရရှိချိန်များပြားတဲ့ ညပိုင်းတွေမှာ ဆည်ရေသွင်းတာကို အဓိကထားလုပ်ဆောင်ကြတာပါ။
အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ နိုဝင်ဘာ ၃ ရက်ညနေပိုင်းက ဆားတောင်ကနေ ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့ မနက်အစောပိုင်းမှာ လှထွေကျေးရွာအပြင်ကနေ ဖြတ်သန်းသွားခဲ့ကာ လက်ရှိမှာ ရွာသာကြီးရွာအနီးမှာ ရောက်ရှိနေတာပါ။
အဲ့ဒီစစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊ သာရွာဒေသခံ ၂ ဦးကိုလည်း ဖမ်းဆီးထားပြီး စစ်ကြောင်းကြောင့် စစ်ကိုင်းနဲ့ဝက်လက်နယ်အတွင်းရှိ ထုံးဘို၊ ရွာသာကြီး၊ သရက်ကြီး၊ ကံထူး၊ သူဌေးကုန်း၊ တကောင်းဒေါင့်၊ ဘုရားပြန်၊ ပြွန်ဦး၊ မောက္ကဒီး၊ လှည်းဦးကြီး၊ ရွှေဒါး၊ ကုက္ကိုစု၊ တရုတ်ကြီး၊ သားပျောက်ကုန်း၊ ယင်းမတော၊ ရွာတော် စတဲ့ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ