နတ်တလင်း၊ နိုဝင်ဘာ ၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဝဲကြီးဆည်ကျေးရွာက စစ်ကော်မရှင်တပ်ဖမ်းဆီးခဲ့တဲ့ မိသားစုထဲက အမျိုးသားဖြစ်သူကို သေဆုံးလျက်ပြန်တွေ့ခဲ့ပြီး သေဆုံးသူရဲ့ဇနီးနဲ့ ကလေးကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဝဲကြီးဆည်ကျေးရွာသား အသက် ၃၀ အရွယ် ကိုတိုး ဖြစ်ပြီး အလောင်းကို နိုဝင်ဘာ ၂ ရက် မနက််ပိုင်းမှာ ဝဲကြီးဆည်အနီးလယ်ကွင်းထဲမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“သူက ဖမ်းခံရပြီး (အောက်တိုဘာ) ၂၉ ရက်မှာ ထွက်ပြေးသွားတယ်။ သူမိန်းမနဲ့ကလေးကို နေအိမ်ကနေ နောက်တရက် လာဖမ်းသွားတယ်။ သူကလွတ်ရာလွတ်ကြောင်း သွားရင်းလာရင်း ပြေးရင်းနဲ့ ဝေဒနာတွေခံစားရင်း သေတာလို့ယူဆတယ်။ ဒီကြားထဲအစာအာဟာရ စားရချင်မှလည်း စားရမယ်။ “လို့ ဒေသခံတဦးကပြောပါတယ်။
သူအလောင်းကိုတွေ့ချိန်မှာ ရင်ဘတ်ကျောနဲ့ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာ အညိုအမဲစွဲနေတာတွေရှိပြီး သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေမတွေ့ရဘဲ သေတာလည်း ၂ ရက်ခန့်သာရှိနိုင်သေးတယ်လို့ သူကဆက်ပြောပါတယ်။
အလောင်းကိုတော့ ကျေးရွာထဲကို ပြန်မသယ်ရဲကြတာကြောင့် ဒေသခံတွေက တောထဲတနေရာမှာပဲ နေ့ချင်းမြှုပ်နှံလိုက်ကြတယ်လို့ ဆိုပါတယ်။
ကိုတိုးဟာ ကျပန်းလုပ်ကိုင်စားသောက်သူဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေမနက် ၁၀ နာရီခန့်မှာ ဝဲကြီးဆည် စက်လှေဆိပ်ကို အလုပ်ကိစ္စနဲ့တယောက်တည်းအသွား စက်လှေဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်သူကို စစ်ကော်မရှင်တပ်သားတွေအထိုင်ချတပ်စွဲထားတဲ့ ဆည်ဘောင်ပေါ်က စခန်းကို ခေါ်သွားပြီး ရိုက်နှက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်နေ့ညပိုင်းမှာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်မှာတော့ စစ်ကော်မရှင်အဖွဲ့က ကိုတိုးထွက်ပြေးသွားလို့ဆိုပြီး ၎င်းရဲ့ အမျိုးသမီးဖြစ်သူနဲ့ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် G 2 ကျောင်းသူတွေကို ဆည်တာဘောင်ပေါ်ရှိ အထိုင်ချထားတဲ့စခန်းကိုဖမ်းဆီးသွားကာ နိုဝင်ဘာ ၃ ရက်အထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့ သိရပါတယ်။
ဝဲကြီးဆည်တာဘောင်ပေါ်မှာ စစ်ကော်မရှင်တပ်အင်အား ၃၀ ခန့်က ၂၀၂၁ စစ်အာဏာသိမ်းပြီး ကတည်းက တပ်စွဲနေကာ ဒေသခံတွေကို မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတာလို့ သိရပါတယ်။
စာတည်း – လင်း