စစ်အုပ်စုဖမ်းသွားတဲ့ အင်းတော်ဒေသခံ ၅ ဦး တလအကြာမှ သေဆုံးလျက်ပြန်တွေ့

0 1
0 1

အင်းတော်၊ ဧပြီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲရွာကနေ စစ်ကောင်စီတပ်တွေဖမ်းသွားတဲ့ ဒေသခံရွာသား ၅ ဦးကို တလအကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၅ ဦးကို ဧပြီလ ၂၅ ရက်မနေ့ကနေ့လယ်ပိုင်းက မံဟဲရွာနဲ့ ၈ မိုင်ခန့်အကွာ မော်လူးမြို့တောင်ဘက် တောထဲမှာ အပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးရှို့ခံထားရတဲ့အနေအထားနဲ့ ပြန်တွေ့ခဲ့တာလို့ Indaw Revolution-IR တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ဖမ်းဆီးခံရပြီး ပျောက်နေတာတနယ်လုံးနီးပါး သိကြတယ်။ မနေ့ကကျတော့ တောထဲသွားတဲ့ ပြည်သူတဦးက တွေ့ပြီး အကြောင်းကြားလို့ မိသားစုဝင်တွေက သွားကြည့်ကြတာ။ ဟိုရောက်တော့ ကြွင်းကျန်ရစ်တဲ့ပစ္စည်းတွေ တွေ့ရလို့ သူတို့ဆိုတာအတည်ပြုလို့ရခဲ့တာ။ ကျန်ရှိတဲ့ အပိုင်းအစတွေကိုတော့ မိသားစုဝင်တွေက ပြန်သယ်လာပြီး”လို့ ပြောပါတယ်။

ဒေသခံတွေဘက်က ပေးပို့လာတဲ့ ပုံတွေထဲမှာတော့ အသတ်ခံထားရသူအချို့မှာ ခြေ၊ လက်တွေပြတ်ပြီး ကိုယ်ခန္ခာတခုလုံးမှာလည်း မီးလောင်ကျွမ်းထားတာကို တွေ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုညီညီနဲ့ ကိုလောရှုပ်၊ ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်နဲ့ ကိုနေလင်းထွန်း၊ ၄၈ နှစ်အရွယ် ကိုဖိုးရှမ်းတို့ဖြစ်ပြီး၊ သူတို့ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းသွားခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ နိုင်ငံရေးနဲ့ပတ်သက်သူတွေမဟုတ်ဘဲ သာမန်ရွာသားတွေသာ ဖြစ်သလို၊ စစ်အုပ်စုက ရွာကိုဝင်ချိန်မှာ အမျိုးသား၊ အမျိုးသမီးအပါ လူ ၂၀ လောက်ဖမ်းဆီးခဲ့ပေမယ့် ရွာက ပြန်ထွက်ချိန်ကျမှာတော့ အထက်ပါအမျိုးသား ၅ ဦးကိုသာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ရဲ့ နာရေးကို ကျန်ရှိနေတဲ့ မိသားစုဝင်တွေက ဒေသဓလေ့ထုံးစံအတိုင်း ပြုလုပ်ဖို့စီစဥ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းမှာလည်း အင်းတော်မြို့နယ်ထဲမှာ မြို့နယ် ပကဖ အဖွဲ့ဝင် ၂ ဦးအဖမ်းခံရပြီးနောက် CDM ဆရာမ ၃ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကိုလည်း PDF ထောက်ပံသူတွေလို့ဆိုကာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။