စလင်းမြို့တွင် စစ်ဘေးရှောင်တဲများဆောက်ရန် သက္ကယ်အမိုးများ လိုအပ်နေ

0 2
0 2

စလင်း၊ ဧပြီ ၂၆၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာခံလိုက်ရတဲ့ ကင်ပွန်းခြုံကျေးရွာကဒေသခံတွေဟာ နေထိုင်စရာမရှိလို ယာယီတဲကြီးတွေဆောက်လုပ်နေထိုင်လျက်ရှိရာ လက်ရှိမှာ တဲကြီးတွေကို အမိုးမိုးဖို့ သက္ကယ်တွေ လိုအပ်နေတယ်လို့ စလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကင်ပွန်းခြုံရွာအနီး ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေက ကင်ပွန်းခြုံရွာကို မီးရှို့သွားခဲ့တာကြောင့် အိမ်ခြေ ၁၃၈ လုံး မီးလောင်ပြာကျပြီး ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတာပါ။

အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံပြည်သူ ၃၅၀ ကျော်ဟာ နေစရာ မရှိတဲ့အတွက် ယာယီတဲကြီး ၈ လုံးဆောက်လုပ်ပြီး စုပေါင်းကာ နေထိုင်ကြရပါတယ်။

“ယာယီတဲ ၈ လုံးက တာလပတ်တွေနဲ့ ဆောက်လုပ်ထားတဲ့အတွက် မိုးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် ဆုတ်ပြဲတာတွေဖြစ်လာတယ်။ အဲဒါကြောင့် မီးဘေးသင့်ပြည်သူတွေ ရေရှည်နေထိုင်သွားနိုင်ဖို့အတွက် သက္ကယ်မိုး မိုးပေးနိုင်ဖို့ စီစဥ်နေပါတယ်” လို့ People’s Defence Force – Salin ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုရက်ပိုင်း လေတိုက်၊ မိုးရွာတာတွေဖြစ်ပြီး အမိုးမိုးထားတဲ့ တာလပတ်တွေပျက်စီးသွားတဲ့အတွက် တာရှည်ခံမယ့် သက္ကယ်အမိုးတွေလိုအပ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သက္ကယ်တပျစ်ကို ၃၅၀ ကျပ်ပေးဝယ်ရပြီး ဆောက်လုပ်ထားတဲ့ အဆောင်တဆောင်ကို သက္ကယ်အရေအတွက် ၉၀၀ ပတ်ဝန်းကျင်လိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိဆောက်လုပ်ထားတဲ့ ယာယီတဲ ၈လုံးရှိပြီး အလျားပေ ၁၂၀ ရှိတဲ့ အမျိုးသမီးအဆောင်၊ အလျား ပေ ၁၀၀ ရှိတဲ့ အမျိုးသားအဆောင်နဲ့ အလျားပေ ပေ ၈၀ရှိ အဆောင် ၂ ဆောင်၊ အလျား ပေ ၃၀ ရှိ အဆောင် ၂ ဆောင်နဲ့ အလျား ပေ ၆၀ ရှိ အဆောင် ၂ ဆောင် တို့ပါဝင်ပါတယ်။

လက်ရှိမှာ ဆောက်လုပ်ထားတဲ့ ယာယီတဲတွေထဲက သက်ကြီးရွယ်အိုတွေနေထိုင်တဲ့အဆောင်ကိုသာ သက္ကယ် မိုးထားပေးနိုင်ပြီး ကျန်တဲ့အဆောင်တွေအတွက် သက္ကယ်မိုးစရာ လိုအပ်နေတာ ဖြစ်ပါတယ်။

သက္ကယ်အမိုလှူဒါန်းလိုသူတွေအနေနဲ့ စလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ People’s Defence Force – Salin ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။