တန့်ဆည်က စစ်အုပ်စုစခန်း စီးနင်းခံရပြီး စစ်သားနဲ့ပျူ ၂၀ ခန့်သေဆုံးကာ လက်နက်အချို့လည်း သိမ်းခံလိုက်ရ

0 1
0 1

တန့်ဆည်၊ ဧပြီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချနေထိုင်နေတဲ့စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်သိမ်းပိုက်ခဲ့ပြီး ပင်မစခန်းထဲအထိပါ ဝင်စီးနိုင်ခဲ့ကာ လက်နက်တွေလည်း ရခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက် ဒီကနေ့ မနက် ၃ နာရီခန့်မှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်အုပ်စုစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ နာရီခွဲလောက်မှာ တိုက်ပွဲပြီးခဲ့တယ်လို့ မြေပြင်လိုက်ပါခဲ့တဲ့ Taze Tiger အဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

“ရွာကင်းတွေနားထိကပ်နိုင်ပြီး အကုန်လုံးအသင့်ဖြစ်ပြီဆိုမှ ပစ်ခတ်ကြတာ၊ ကင်း ၃ ကင်းလုံး သိမ်းနိုင်ခဲ့တယ်၊ ကင်းနေရာတွေ မီးရှို့ခဲ့တယ်။ ကာဘိုင် ၈ လက်ရခဲ့တယ်၊ ကျည်ကတော့ အများကြီးပဲဗျ။ မရေရသေးဘူး၊ ပင်မစခန်းထဲထိ ဝင်နိုင်ခဲ့တယ်၊ ပင်မစခန်းက ဘုန်းကြီးကျောင်း ဖြစ်နေတဲ့အတွက် ဘာမှတော့မလုပ်ခဲ့ဘူး၊ မြေအောက်ခန်းတွေရော အကုန်ရှာ၊ အကုန်ရှင်း နိုင်ခဲ့တယ်”လို့ ပြောပါတယ်။

အပြန်အလှန် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ပျူစောထီး ၂၀ ဝန်းကျင်သေဆုံးတဲ့အပြင် ကာဘိုင် ၈ လက်၊ ဆိုင်ကယ် ၅ စီး၊ ကျည်ဆန်အမြောက်အများနဲ့ စစ်သုံးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ကာ၊ ကင်းစခန်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာမှာရှိတဲ့ ပျူစောထီးအများစုကတော့ ရွာအရှေ့ဘက်မှာရှိတဲ့ မူးမြစ်ကိုဖြတ်ကာ ကန့်ဘလူဘက်ခြမ်းက ပျူစောထီးရွာတွေဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၆၊ ၇၊ ၉၊ ၁၂၊ ၂၅၊၂၆နဲ့ အတူ တန့်ဆည်ပကဖ၊ KPK၊ TSR၊ TLA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလကုန်လောက်ကလည်း နားဋောင်းကျရွာစခန်းကို ပထမဆုံးအကြိမ် ဒေသခံကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီး ၃၀ ကျော်သေဆုံးတဲ့အပြင် ရဲဘော်၂ ဦးလည်း သေဆုံးခဲ့ပြီး အခုဒုတိယအကြိမ်မှာတော့ ရဲဘော်တွေဘက်က သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။