ပေါင်းတည်မှာ ပြောက်ကျား တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးပါ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဧပြီ ၂၃၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကနေ ပေါက်ခေါင်းမြို့ကို ပြန်လာတဲ့ဗိုလ်မှူးတဦးလိုက်ပါလာတဲ့ ကားကို ဧပြီလ ၂၁ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီးအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရရှိခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDFဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စုမှာ အစည်းအဝေးလုပ်ပြီး ပေါက်ခေါင်းမြို့ကို ပြန်ဆင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တွေကို မရိုးကျွန်းရွာနဲ့ဒိုးနွယ်ရွာကြားမှာ ညနေ၄ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရှေ့ဆုံးကလာတဲ့ဖော်ကားမှာက အရပ်သားနဲ့စစ်သားရောပါလာတော့ လွှတ်ပေးလိုက်ပြီး နောက်ကကပ်ပါလာတဲ့ ဗိုလ်မှုး၊ ဗိုလ်ကြီးနဲ့စစ်သား ၈ ဦးလောက် စီးလာတဲ့အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ ကားလည်းဇကာပေါက်ဖြစ်သွားတယ်” လို့ PPDFတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီပြောက်ကျားတိုက်ခိုက်မှုကြောင့် ယင်းနေရာမှာတင် ဗိုလ်ကြီးအပါအဝင် ၃ ဦးသေပြီး ဗိုလ်မှူးအပါအဝင် ၃ ဦးဒဏ်ရာရရှိသွားပါတယ်။

အလောင်းနဲ့ဒဏ်ရာရသူတွေကို ည ၁၁ နာရီကျော်လောက်မှာ ပေါက်ခေါင်းဘက်ကနေ ကားတစီးနဲ့ လာသယ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်ပြုချက် မရသေးပါဘူး။

တိုက်ခိုက်ချိန်မိနစ်၂၀ ခန့်ကြာပြီး စစ်တပ်က လက်နက်ကြီးနက်လက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ဆုတ်ခွာခဲ့ပြီး ရဲဘော်တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ (အဖွဲ့- ၂)တပ်ခွဲ၃၊ ၄ ၊ ၅ စုပေါင်းအဖွဲ့(Eagle)စစ်ကြောင်းမှ ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိူင် ၂၈ ရက်ကလည်း ပေါင်းတည်မြို့နယ်သစ်ပုတ်ရွာမိုင်တဲတာဝါတိုင်စောင့်စစ်သားတွေနဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့လို့ အရာရှိ ၁ ဦးနဲ့တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး MA3 ၁လက်၊ပစ္စတို ၁ လက်၊ဖုန်း ၄ လုံးနဲ့မှတ်ပုံတင် ၁ခု သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

စာတည်း-လင်းဇေ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။